Home
မြန်မာသတင်း
ကပစ- ၁၆ ကို AA ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်တပ်က ဒရုန်းဖြင့် ပြန်တိုက်ခိုက်
DVB
·
March 4, 2026

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံ ကပစ-၁၆ ကို အာရက္ခ တပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီကလည်း တော်လှန်ရေးအင်အားစုတွေ တပ်စွဲထားတဲ့ နေရာ တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကပစ-၁၆ နဲ့ ၃ မိုင်အကွာကို ရောက်ရှိလာတဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတပ်တွေဟာ မတ် ၁ ရက်က ကပစ-၁၆ စက်ရုံဝန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခဲ့ကြတာဖြစ်ပြီး ကပစ-၁၆ မှာ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကပစ-၁၆ ပတ်ဝန်းကျင်က နေ့တိုင်း တိုက်ပွဲတွေ ရှိနေတာဗျာ။ လက်ရှိတိုက်ပွဲက ကပစ-၁၆ ရဲ့ ရှေ့တန်းကာကင်းတွေအထိ ရောက်နေပြီ။ မတ်လ ၁ ရက်နေ့ကလည်း ကပစ-၁၆ စက်ရုံထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့သိသလောက် လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာ ရှိတယ်လို့ သိရတယ်။ အထိအခိုက်တော့ စုံစမ်းနေတုန်းပဲ။ စစ်ကောင်စီကလည်း ဒရုန်းတွေကို အဓိကထားပြီး တန်ပြန်တိုက်ခိုက်နေတာရှိတယ်။”

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ကပစ-၁၆ ရဲ့ ရှေ့တန်းကာကင်းတွေဖြစ်တဲ့ ပွိုင့်-၃၀၃ စခန်းကုန်းနဲ့ ပွိုင့်-၃၀၆ စခန်းပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း တပ်သားတချို့ ထွက်ပြေးမှုတွေ ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ပကစ-၁၆ စက်ရုံပတ်ဝန်းကျင်နဲ့ လေလာတောင်၊ ညောင်ကျိုး ပတ်ဝန်းကျင်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ဒရုန်းတွေ၊ ပါရာမော်တာနဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကပစ-၁၆ စက်ရုံဟာ စစ်ကောင်စီက စစ်လက်နက်တွေမှာ သုံးတဲ့ ယမ်းချက်စက်ရုံဖြစ်ပြီး ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီက ယမ်းထုတ်လုပ်မှုတွေကို လျှော့ချပြီး ခံစစ်အခိုင်အမာ လုပ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ပဲခူးနဲ့ ရခိုင်အစပ်မှာ ကပစ-၁၆ နဲ့ ကပစ-၆ စက်ရုံတွေကို ဦးတည်ပြီး စစ်ရေးဖော်ဆောင်နေကြတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စကခ-၁၀၊ စကခ-၁၄ တပ်မတွေနဲ့ ဒေသတွင်း တပ်ရင်းတွေကို အသုံးပြုပြီး ခုခံကာကွယ်နေပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ကပစ စက်ရုံ ၅ ခုအထိ တည်ရှိနေတာကြောင့် စစ်ရေး အရ အလွန်အရေးပါတဲ့ ဒေသတခုလည်း ဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ် ပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက မိုးထိ၊ ညောင်ကျိုး၊ ပန်းဂံကွဲနဲ့ ပွိုင့်-၆၆၆ စခန်းကုန်းတွေအပါအဝင် ရိုးတောင်ဧရိယာ အများစုကို သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီက ဆင်လမ်ရွာနဲ့ ကပစ-၁၆ အနီးမှာ ခံတပ်လုပ်ကာ ခုခံတိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013