
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းရှိ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လေတပ်က လေယာဉ် ၄ စင်းနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၂ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတာလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မတ် ၂ ရက် ညက ဖြစ်နေတဲ့ နတ်ရေကန်တောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာပြီး စခန်းကုန်း မကျဆုံးရေးအတွက် မတ် ၃ ရက်မှာ ဂျက်တိုက်လေယာဉ် ၃ စင်း ၊ Y12 တစင်းတို့နဲ့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။
“ပထမ ဂျက်ဖိုက်တာ ၃ စီးလာပြီး နတ်ရေကန် ပတ်ဝန်းကျင်ကို တိုက်ခိုက်တယ်၊ နောက်ထပ် Y12 လာပြီး ဗုံးကြဲတယ်။”
မနေ့ကအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီစခန်းကုန်း မကျဆုံးရေးအတွက် အခုလို လေကြောင်းအင်အားသုံးပြီး လာရောက်တိုက်ခိုက်နေတာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
တနှစ်ဝန်းကျင် AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက နတ်ရေကန်တောင်ကို စားနပ်ရိက္ခာ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ထားပြီး အခု မတ် ၂ ရက်မှာ စစ်ကောင်စီတပ် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်း နတ်ရေကန်တောင်ကို တော်လှန်ရေးဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
စစ်ကောင်စီဘက်ကလည်း ကပစ ၁၄၊ ဆုန်ကုန်းအမြောက်တပ်ကနေ စစ်အင်အား ၄၀၀ လောက်ကို လက်နက်ကြီးပစ်ကူပေးပြီး လမ်းဟောင်း၊ လမ်းသစ်ဘက်က စစ်ကြောင်းထိုး တိုက်ခိုက်နေပမဲ့ ဒီနေ့အထိ လမ်းဟောင်းပဇီနဲ့ လမ်းသစ်ဂုတ်ကြီးကို မကျော်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


