
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက် နေပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေဟာ စစ်တွေမြို့နဲ့ တမိုင်ကျော် အကွာအဝေးကို ရောက်လာ ပြီလို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်ကတည်းက ဖြစ်ပွားနေကြတဲ့ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲမှာ အာရက္ခတပ်တော်က စစ်တွေမြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ရွှေမင်းဂံရေတပ်နဲ့ အနီးပတ်ဝန်းကျင် ကာကင်းစခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တွေမှာ တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတယ်။ AA ဘက်က ရွှေမင်းဂံရေတပ်နဲ့ သူ့ရဲ့ ရှေ့တန်း ကာကင်းစခန်း တချို့ကို တိုက်ခိုက်နေတာရှိတယ်။ အခုတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း တွေက စစ်တွေနဲ့ဆို တမိုင်ကျော်ကျော်လောက်ပဲ ရှိတော့တယ်။ စစ်ကောင်စီဘက်ကလည်း AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကို ရေတပ်သင်္ဘောတွေ နဲ့ ကြည်းတပ်တွေက လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။”
အာရက္ခတပ်တော်ဟာ ရွှေမင်းဂံရေတပ်နဲ့ ရှေ့တန်းကာကင်းတွေဖြစ်တဲ့ ဇော်မတက်ကျေးရွာ အနီး က စခန်းတွေနဲ့ ကျေးတောကျေးရွာအနီးရှိ တပ်စခန်းတချို့ကိုလည်း လက်နက်ကြီး၊ ဒရုန်းနဲ့ ရေကြောင်းကနေ အလစ်အငိုက် ဝင်တိုက်နေတာမျိုးတွေ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီကလည်း စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေဖြစ်တဲ့ ခမောင်းတော၊ စပါးထားအပါအဝင် ဝါဘိုကျွန်းက ကျေးရွာတွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ တရစပ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်တွေမြို့အနီးမှာ တိုက်ပွဲပြင်းထန်လာတာကြောင့် စစ်ကောင်စီက မြို့ပြင်ထွက်ခွင့် လုံခြုံရေး တင်းကျပ်ထားသလို မြို့တွင်းမှာလည်း ညအချိန်တွေမှာ ဧည့်စာရင်းဝင်စစ်ဆေးတာတွေ လုပ်လာ တယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“တိုက်ပွဲကတော့ နေ့တိုင်း ဖြစ်သံကြားနေရတယ်။ စစ်ကောင်စီက မြို့ပြင်ထွက်ခွင့် တင်းတင်း ကျပ်ကျပ် ပိတ်ထားတော့ ဘယ်နေရာမှာဖြစ်တယ် ဆိုတာတော့ အတိအကျ မသိရဘူး။ ရွှေမင်းဂံ ဘက်နဲ့ ဝါဘိုရွာကနေ ပစ်သံတွေ ကြားနေရတာ။ လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေပါ နေ့တိုင်းကြားနေရတာ။ မြို့တွင်းမှာ ဧည့်စာရင်းစစ်တာတွေကို ပြန်လုပ်လာနေတယ်။”
စစ်တွေမြို့နယ်အတွင်းက ဝါဘိုကျွန်းနဲ့ စစ်တွေနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခ တပ်တော်က ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီကနေတဆင့် စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်သလို စစ်ကောင်စီကလည်း စစ်တွေမြို့နယ်ဘက်အခြမ်းမှာ ခံစစ်အခိုင်အမာတွေ လုပ်ပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့်လည်း စစ်ကောင်စီက စစ်တွေမြို့အနီးရှိ ပင်လယ်ပြင်မှာ ရေတပ် သင်္ဘောတွေကို တိုးမြှင့်ချထားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တွေမြို့နယ်ကို အဲဒီမြို့နယ်တွေကနေ တဆင့် စစ်ရေးအရ ဖိအားပေးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်တွေမြို့နယ်မှာ အာရက္ခတပ်တော်က ၂၀၂၅ ခုနှစ်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ထိန်းချုပ်နယ်မြေတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။


