
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ တဖက်မှာ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေအပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
AA ထိန်းချုပ်ဒေသတွေမှာ မြို့ရွာတွေကို စနစ်တကျ လည်ပတ်နိုင်ဖို့အတွက်ဆိုပြီး AA ရဲ့ စည်ပင်သာယာရေးဌာနက ဦးဆောင်ပြီးတော့ ပျက်စီးနေတဲ့ လမ်းတံတားတွေကို ပြုပြင်မွမ်းမံ တည်ဆောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး မောင်တောမြို့ကနေ နယ်စပ်နား ဘော်တူလာရွာထိ ဆက်သွယ်ထားပြီး ၄၁ မိုင်ရှည်လျားတဲ့ မောင်တော-ကြိမ်ချောင်း ကားလမ်းမကြီးရဲ့ ပျက်စီးနေတဲ့ လမ်းပိုင်းတွေကို ပြုပြင်တည်ဆောက်နေတယ်လို့ မောင်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ဒါ့အပြင် လမ်းမကြီးတလျှောက် မြစ်လက်တက်ချောင်းတွေကို ဖြတ်ထိုးထားတဲ့ ပျက်စီးနေတဲ့ တံတားငယ်တွေကိုလည်း ပြုပြင်တည်ဆောက်နေပြီး တချို့လမ်းပိုင်းတွေဟာ ကုန်စည်စီးဆင်းမှုကို အထောက်အကူပြုတဲ့ အရေးကြီးနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“မောင်တောကနေ မြောက်ပိုင်းကိုသွားတဲ့ မောင်တော ကြိမ်ချောင်းလမ်းက မိုးရာသီမရောက်ခင် လမ်းတွေက ပျက်စီးနေတော့ ဒါကို ခု AA ဘက်က လုပ်နေတာ တွေ့ပါတယ်။ ပြီးတော့ တောင်ပြိုဘက်မှာလည်း ပြုပြင်နေတာတွေ့တယ်။ ပြီးတော့ ဘော်တူလာဘက်ကိုသွားတဲ့ လမ်းပေါ့နော်၊ အဲဒီဘက်ကိုလည်း ပြုပြင်နေတာ တွေ့တယ်။ လမ်းတွေ လုပ်နေတာတော့ အများကြီး တွေ့ပါတယ်။ အဓိက ကျောက်ချောလမ်းတွေ လုပ်တာတွေ့တယ်။ အဲဒီလမ်းက ကုန်စည်စီးဆင်းမှုအတွက် ရခိုင်ပြည်သူတွေအတွက်ရော ကျနော်တို့ မြို့သူမြို့သားတွေအတွက်ပါ အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို အဲဒီဘက်က တဖက်နိုင်ငံနဲ့ ကုန်စည်စီးဆင်းမှု ရှိနေတာလေ။ ကျနော်တို့က အဲဒီလမ်းကို လုပ်စေချင်တာ ကြာပါပြီ၊ ဒါကြောင့် အရမ်းဝမ်းသာပါတယ်။ ထိရောက်အောင်လည်း လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”
AA အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ကျေးရွာချင်းဆက် လမ်းသစ်ဖောက်လုပ်တာ၊ စစ်ကောင်စီလက်ထက်က ပျက်စီးကျန်ခဲ့တဲ့လမ်း၊ တံတားတွေကို ပြုပြင်တာ၊ လမ်းကြမ်းတွေကို လမ်းချောအဖြစ် ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကြားရှိ ကျေးရွာတချို့မှာလည်း လမ်းတွေကို ပြုပြင်မွမ်းမံတာတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျောက်တော်ဘက်တွေမှာတော့ လမ်းပြုပြင်ပေးတာ၊ ဖာထေးပေးနေတာတွေက AA က လုပ်ပေးနေတာ ရှိပါတယ်။ ကျောက်တော်အရှေ့ဘက်ခြမ်းတွေမှာဆိုရင် ရွာချင်းအလိုက် လမ်းဖာထေးပေးနေတာ၊ မြေဖို့ပေးနေတာတွေ ရှိပါတယ်။ ကျောက်စရစ်တွေ ခင်းပေးနေတာလည်း မြင်ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးအရတော့ ရခိုင်တွေက ပိုပြီး ခက်ခဲတာတွေ အများကြီးရှိပါတယ်။ ဒီထက်ပိုပြီး လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ တချို့ဒေသတွေမှာဆိုရင် မြေသားလမ်းတွေတောင် အဆင်မပြေတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒီအတိုင်း လယ်ကွင်းပြင်တွေကို ဖြတ်ပြီး သွားနေရတာတောင် အများကြီးရှိပါသေးတယ်။ အဲဒီနေရာတွေကိုလည်း ပြုပြင်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။”
ဒါ့အပြင် AA အနေနဲ့ ထိန်းချုပ်မြို့နယ်တွေမှာ ဟိုင်းဝေးကားလမ်းမ ဧရိယာအပေါ် တိုးချဲ့ ဆောက်လုပ်ထားတဲ့ ဆိုင်ခန်းတွေ၊ အိမ်တွေကိုလည်း စတင်ဖယ်ရှားနေတယ်လို့ သိရပါတယ်။
အခုလို လမ်းတံတားတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့အပြင် ကား၊ ဆိုင်ကယ်နဲ့ စက်တပ်ယာဉ်တွေကိုလည်း စနစ်တကျ မောင်းနှင်ဖို့နဲ့ ယာဉ်တိုက်မှုတွေ လျှော့ချနိုင်ဖို့ အသိပညာပေးမှုတွေ၊ စည်းကမ်းတင်းကျပ်မှုတွေနဲ့ အရေးယူမှုတွေကိုပါ လုပ်ဆောင်လာနေတာပါ။
ပလက်ဝ အပါအဝင် ရခိုင်က မြို့နယ် ၁၅ ခုကို AA က သိမ်းပိုက်ပြီးတဲ့နောက် ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးနဲ့ ပြန်လည်တည်ဆောက်ရေးကဏ္ဍတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
ကေခိုင်


