Home
မြန်မာသတင်း
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေ၌ လမ်း၊ တံတားများ ဆောက်လုပ်နေ 
DVB
·
February 23, 2026
Photo: မောင်တောမြောက်ပိုင်းမှာ လမ်းပြုပြင်နေမှု။ GEM

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့အစိုးရက လမ်း၊ တံတားတွေ ဆက်တိုက်ဆောက်လုပ်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောနဲ့ မောင်တောမြို့နယ်တွေမှာ လမ်းအဆင့်မြှင့်တင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မောင်တောမြို့နယ်က ကားသမားတယောက်က ပြောပါတယ်။

“အာရက္ခပြည်သူ့ အစိုးရဘက်က ဒီနှစ်မှာ ကားလမ်းတွေနဲ့ တံတားတွေကို ဆက်တိုက် ဆောက်လုပ်နေတာတွေ ရှိတယ်။ ကျနော်တို့ မြို့နယ်တွင်းမှာ ကြိမ်ချောင်းနဲ့ မောင်တောလမ်းပိုင်းကို အဆင့်မြှင့်နေတာမျိုးတွေ ရှိသလို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် အဝေးပြေးလမ်းပိုင်းကိုလည်း အဆင့်မြှင်တင်နေတာတွေ ရှိတယ်။ အဓိကတော့ တော်လှန်ရေး အစိုးရအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုအဖြစ် လမ်းတံတားတွေ ဆောက်လုပ်တာ၊ အဆင့်မြှင့်တင်တာတွေကတော့ မဖြစ်မနေ အသိအမှတ်ပြုရမှာ” လို့ ပြောပါတယ်။

အာရက္ခပြည်သူ့အစိုးရဟာ သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ကျေးရွာချင်းဆက် လမ်းသစ် ဖောက်လုပ်တာ၊ စစ်ကောင်စီလက်ထက်က ပျက်စီး ကျန်ခဲ့တဲ့ လမ်း၊ တံတားတွေကို ပြုပြင်တာ၊ လမ်းကြမ်းတွေကို လမ်းချောအဖြစ် အဆင့်မြှင့်တင်တွေကို ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်မှာလည်း အာရက္ခပြည်သူ့အစိုးရက ကုလားမြောက် မြောက်ဘက်ခြမ်းရှိ တင်းမကျေးရွာဘက်ကို သွားတဲ့ လမ်းပိုင်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နေတာတွေ ရှိတယ်လို့ ကျောက်တော်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ကျောက်တော်မြို့နယ်မှာတော့ တင်းမကျေးရွာကို သွားတဲ့ လမ်းပိုင်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင်တင်နေတာတော့ တွေ့ရတယ်။ အရင်တုန်းကဆိုရင် အဲဒီလမ်းက ကျောက်ကြမ်း လမ်းပေါ့။ မိုးရာသီတွေဆို ဗွက်အိုင်တွေနဲ့ သွားလာလို့မရဘူး။ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်လိုက်ရင်တော့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေသွားမယ်လို့ မျှော်လင့်ရတယ်” လို့ ပြောပါတယ်။

အာရက္ခပြည်သူ့အစိုးအဖွဲ့ဟာ သူတို့ ထိန်းချုပ်မြို့နယ်တွေက ဟိုင်းဝေးကားလမ်းမ ဧရိယာအပေါ် တိုးချဲ့ ဆောက်လုပ်ထားတဲ့ ဆိုင်ခန်းတွေ၊ အိမ်တွေကိုလည်း စတင်ဖယ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကား၊ ဆိုင်ကယ်တွေနဲ့ စက်တပ်ယာဉ်တွေကိုလည်း စနစ်တကျ မောင်းနှင်ဖို့နဲ့ ယာဉ်တိုက်မှုတွေ လျှော့ချနိုင်ဖို့ အသိပညာပေးမှုတွေ၊ စည်းကမ်းတင်းကျပ်မှုတွေနဲ့ အရေးယူမှုတွေကိုပါ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013