
ရခိုင်ရေပိုင်နက်အတွင်း တရားမဝင်ကျူးကျော်ငါးခိုးဖမ်းမှုနဲ့ အာရက္ခတပ်တော်(AA) က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၇၃ ယောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)နဲ့ ဆက်သွယ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က လွှဲပြောင်းပေးလိုက်ပါတယ်။
ရခိုင်ရေပိုင်နက်အတွင်း နောက်ထပ်ခိုးဝင်ပြီး ငါးခိုးဖမ်းတာမလုပ်ဖို့ ဝန်ခံလက်မှတ်ရေးထိုးခိုင်းပြီး နတ်မြစ်အတွင်းရှိ ၂ နိုင်ငံ နယ်ခြားစည်းမျဉ်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက လွှဲပြောင်းပေးခဲ့တာလို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အဓိကတော့ လူသားချင်းစာနာမှုနဲ့ နှစ်ဖက် အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်မှုကို အသိမှတ်ပြုပြီး လွှတ်ပေးလိုက်တာ။ အရင်ဆုံး နှစ်ဖက်ဆွေးနွေးပြီးမှ ငါးဖမ်းသမား ၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လက်ထဲကို လွဲပြောင်းပေးလိုက်တာဖြစ်တယ်။ ငါးဖမ်းသမားတွေကတော့ ဝန်ခံလက်မှတ်ရေးရတာပေါ့။”
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ကျော်ပြီး နေ့စဉ်ငါးခိုးဖမ်းကြတာကြောင့် အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်တွေက ဖမ်းဆီးထိန်းသိမ်းထားကြတာလည်း ဖြစ်ပါတယ်။
အခု ငါးဖမ်းသမား ၇၃ ယောက် လွှဲပြောင်းမှုမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဗိုလ်ကြီး နာကဲရ်က ဦးဆောင်ပြီး တက်ရောက်ခဲ့သလို AA ဘက်ကလည်း ဒေသဆိုင်ရာ စစ်ဘက်အရာရှိအချို့တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေရှ်နိုင်ငံသား ငါးဖမ်းသမား ၇၃ ယောက်ကို ပြန်လွှတ်ပေးတာဟာ အသစ်တက်လာမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြားမှာ ဆက်ဆံရေးကောင်းတရပ် ဖန်တီးနိုင်ဖို့ AA ဘက်က ခြေလှမ်းလိုက်တာဖြစ်နိုင်တယ်လို့ ရခိုင်နိုင်ငံရေး အကဲခတ်တယောက်က ပြောပါတယ်။
“ဒီရက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ အနိုင်ရပါတီက အစိုးရသစ်တက်လာဖို့ရှိတယ်။ အရင် အိမ်စောင့်အစိုးရဖြစ်တဲ့အခါ ရခိုင်နဲ့ ဆက်ဆံဖို့က အကန့်အသတ်တွေရှိနေတယ်။ အဲဒီတော့ တရားဝင် ရွေးကောက်ခံ အစိုးရသစ်တက်တော့ ရခိုင်နဲ့ ဆက်ဆံရေးက တခုခု အပြောင်းအလဲ ဖြစ်လာမျိုးလည်း ရှိနိုင်တယ်။ ဒီအတွက် အာရက္ခတပ်တော်ဘက်က နိုင်ငံရေး ခြေလှမ်းတခု စတင်လှမ်းလိုက်တာလို့ သုံးသပ်လို့ ရနိုင်တယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေကို AA တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အသုတ်လိုက် လွှဲပြောင်းပေးခဲ့တာတွေ ရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ မွတ်စလင်လက်နက်ကိုင်တွေ၊ မူးယစ်ဆေးဝါး ကိစ္စတွေကြောင့် အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအကြား တင်းမာမှုတွေရှိခဲ့ကြပြီး လွှဲပြောင်းပေးမှုတွေကို ရပ်တန့်ထားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်မှာ ဖမ်းဆီးထားတဲ့ တရားမဝင်ငါးဖမ်းသမားတွေထဲက ၇၃ ယောက်ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး နောက်ထပ် ဖမ်းဆီးခံထားရတဲ့ ငါးခိုးဖမ်းသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။


