
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို AA ဘက်က ပိုမိုလုပ်ဆောင်နေသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။
အခုလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ တင်းကျပ်လာပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာတာကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်တယ်လို့ မင်းပြားဒေသခံတယောက်က ပြောပါတယ်။
“ယာဉ်စည်းကမ်းကတော့ ပိုတင်းကျပ်လာပါတယ်။ လူအများ သွားလာကြတဲ့နေရာတွေမှာ အဓိက စစ်ဆေးမှုတွေ လုပ်ပါတယ်။ အခုလို တင်းကျပ်လိုက်မှ လူတွေက စည်းကမ်းပိုရှိလာပါတယ်။ အရင်ကဆိုရင် ယာဉ်စည်းကမ်းတွေလည်း မရှိလို့ ကားတွေ၊ ဆိုင်ကယ်တွေကို မောင်းချင်သလို မောင်းကြတာပေါ့။ ဒါကြောင့်မို့လို့ အသက်သေဆုံးမှုတွေလည်း များခဲ့ပါတယ်။ ဒါပေမဲ့ အခုက ပိုပြီး စည်းကမ်းတင်းကျပ်လာတော့ အဆင်ပြေလာပါတယ်။ အရင်ကဆို ဆိုင်ကယ်ဦးထုပ် ဆောင်းမဆောင်း ဂိတ်တွေမှာပဲ စစ်တာပါ။ အခုဆိုရင် သူတို့တွေကိုယ်တိုင် ဆိုင်ကယ်နဲ့ပတ်လို့ စစ်ဆေးတာမျိုး ရှိပါတယ်။”
AA ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဦးဆောင်ပြီး လမ်းဆုံ လမ်းခွ နေရာတွေ၊ မြို့ပေါ် လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ ဈေးတွေ၊ ကားဂိတ်တွေနဲ့ ဆိပ်ကမ်းတွေ အပါအဝင် မြို့အဝင်အထွက်တွေမှာ နေ့တိုင်းလိုလို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် DLEPS ဌာနက သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့သူတွေကို မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈၇ နဲ့ အမှုဖွင့် အရေးယူတာ၊ ငွေဒဏ် ကျပ် ၃၀,၀၀၀ စီ ရိုက်တာအပြင် ချွေးထွက်ပြစ်ဒဏ်တွေနဲ့ အရေးယူလေ့ရှိတယ်လို့ ဆိုပါတယ်။
ရသေ့တောင်ဒေသခံတယောက်က “ပထမ သူတို့လုပ်တာကတော့ လမ်းစည်းကမ်း မလိုက်နာတဲ့ သူတွေကို လူငယ်ပိုင်းဆိုရင် ဒိုက်ထိုးတာတို့၊ ဖားခုန်ခိုင်းတာတို့ ရှိတယ်။ ပထမအဆင့်မှာတော့ အသိပညာပေးတာတို့ လုပ်တယ်။ နောက်ပိုင်းကျတော့ ဒဏ်ငွေရိုက်တယ်။ အဲဒီထဲမှာ အသက်ကြီးပိုင်းတွေ ဆိုရင်တော့ နောက်တခါမလုပ်ဖို့ သတိပေးတာမျိုးတွေ ရှိပါတယ်။ ခုဆိုရင်တော့ ဖမ်းပြီးတော့ ဒဏ်ငွေရိုက်တာမျိုးတွေ ရှိပါတယ်။ ဆိုင်ကယ်တစီး လူ ၃ ယောက် မစီးရဘူး။ ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့သူတွေကို အဓိကထားပြီးတော့ ဖမ်းပြီးတော့ ဒဏ်ငွေရိုက်တာပေါ့နော်” လို့ ပြောပါတယ်။
DLEPS ဌာနအနေနဲ့ ဆိုင်ကယ်စီးမယ်ဆိုရင် ဆိုင်ကယ်ဦးထုပ် ဆောင်းကြဖို့၊ မေးသိုင်းကြိုးတပ်ဖို့၊ ဆိုင်ကယ်တစီးမှာ လူ ၂ ယောက်ထက် ပိုမစီးကြဖို့အပြင် ယာဉ်တစီးမှာရှိရမဲ့ လက္ခဏာရပ်တွေ ပါရှိရဖို့ စတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ထုတ်ပြန်ထားပါတယ်။
အခုလို ယာဉ်အန္တရာယ်မဖြစ်စေဖို့ ထိန်းချုပ်ပညာပေးလာမှုတွေကြောင့် တဘက်မှာလည်း ဆိုင်ကယ်နောက်ကြည့်မှန်တွေ ဝယ်လိုအားများလာပြီး ဒေသတွင်း ပစ္စည်းပြတ်လပ်လာတာ၊ ငွေကျပ် ၃၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
လက်ရှိ AA ထိန်းချုပ်တဲ့ဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးနဲ့ ပြန်လည်တည်ဆောက်ရေး ကဏ္ဍတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး ပြည်သူတွေ အနေနဲ့လည်း လက်တွဲဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
ကေခိုင်


