Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီ အာရှလမ်း၌ တိုက်ပွဲပြင်းထန်နေ
DVB
·
March 3, 2026

ကော့ကရိတ်-မြဝတီ အာရှလမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNLA ရဲ့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းကို စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဘက်က ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူ ရယူပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပါတယ်။

ဒါကြောင့် နေ့တိုင်းလိုလို KNLA လက်အောက်ခံ တပ်ရင်းတွေ၊ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက “မနေ့တုန်းက ပွဲကတော့ တနေကုန်နီးပါးပဲ ညနေအထိပေါ့။ အဲဒီနေ့က အောက်ဗိုလ်တဲ ရအောင်ယူမဲ့ ပုံစံမျိုးပေါ့။ လမ်းဟောင်းဘက်က အခြမ်းကိုပေါ့။ ဒါပေမဲ့ သူတို့ တနေကုန်ထိုးတယ်။ မိဖာလဲ့တို့ ဘာတို့ကျတော့ လက်နက်ကြီးပစ်တာလောက်ပဲ ရှိတယ်။ ရန်သူဘက်ကတော့ အထိအခိုက် အကျအဆုံးတော့ များမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့ဘက်က လက်နက်ကြီး ပြန်ပစ်တာတွေ ရှိတယ်၊ ဒရုန်းတွေနဲ့ ပစ်တာတွေရှိတယ်။ ကော့ကရိတ် အောက်ဗိုလ်တဲကို သူတို့ တိုးနေတာကြာပြီ။ နေ့စဉ်နီးပါး တိုက်ပွဲတွေ ရှိတယ်။‌ နေ့တိုင်းလိုတော့ ကျနော်တို့ဘက်မှာ အဖြစ်များတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေထဲက ပိုင်ကျုံမြို့ အနီးတဝိုက်ကို ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးလာတာကြောင့် KNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေအပြင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေဟာ ဘားအံမြို့နဲ့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “အဲဒီ လမ်းဟောင်းနေရာကို သူတို့ ထိန်းချုပ်ရဖို့နဲ့ ဒီ လှိုင်းဘွဲဘက်ကနေလည်း သူတို့ စစ်အင်အားတွေ တိုးချဲ့ပြီးတော့ တိုက်ပွဲတွေ ဖြစ်တာရှိတယ်။ သူတို့မှာလည်း မဟာဗျူဟာတခုခု ရှိမယ်လို့တော့ ယူဆရတယ်။ ဒီဘက် အာရှလမ်း ကော့ကရိတ်လမ်းဟောင်းဘက်ကတော့  ၂ ရက်ခြား ၃ ရက်ခြား ဆိုသလိုမျိုး ဖောကားနဲ့ ၇ စီး၊ ၁၀ စီး အဲဒီလိုမျိုး အင်အားတိုးချဲ့တာတွေကို တွေ့ရတယ်။ မနက်သွားရင် ညနေ ခါလီနဲ့ပြန်လာတာ မြင်တွေ့နေရတာ ရှိတယ်။ တပ်အင်အားတွေ တိုးချဲ့လုပ်ဆောင်နေတယ် ဆိုတာမျိုးတော့ ဒေသခံ ပြည်သူတွေက တွေ့နေရတယ်၊ မြင်နေရတယ်။ လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပေါ်မှာတော့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိတယ်” လို့ ပြောပါတယ်။

၂၀၂၅ စက်တင်ဘာ ၅ ရက်က စစ်ကောင်စီက တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်း တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး အာရှလမ်း၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ကန်းညီနောင်ဘက်ကနေ သာလွန်အင်အားနဲ့ ထိုးဖောက် ဝင်ရောက်လာပါတယ်။

ဒါကြောင့် ကော့ကရိတ်-မြဝတီ (အာရှ)လမ်းနဲ့ သင်္ကန်းညီနောင်ကို KNLA ပူးပေါင်းစစ်ကြောင်းတွေက စက်တင်ဘာ ၆ ရက် မနက်ပိုင်းက  ဆုတ်ခွာပေးခဲ့ရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013