အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာဆီယံပင်(ခေါ်) ဘိန်းစာရွက်ပင် လက်ဝယ် တွေ့ရှိတာ (သို့) သုံးစွဲတာတွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်ချမှတ်မယ်လို့ ရပ်ရွာတွေမှာ ဒေသန္တရအမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်က မြို့နယ်တွေမှာ အာဆီယံပင်(ခေါ်) ဘိန်းစာရွက်ပင်ကို ၂၀၂၅ ခုနှစ်ကတည်းက AA က သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လိုက်လံရှင်းလင်းဖျက်ဆီးနေတာဖြစ်ပြီး ထပ်မံတွေ့ရှိတာ (သို့) သုံးစွဲတာကို တွေ့ရှိရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်မယ်လို့ ဒေသန္တရ အမိန့်ထုတ်ထားတယ်လို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဘိန်းစာရွက်ပင်တွေကို အာရက္ခတပ်တော်က အမြစ်ပြတ်ရှင်းလင်းနေတာရှိတယ်။ မြို့ပေါ်ရပ်ကွက် တွေနဲ့ ရပ်ရွာတိုင်းမှာ ဘိန်းစာရွက်ပင်တွေကို ခုတ်တာ၊ သုံးစွဲမှုတွေကို တားမြစ်တာတွေ တင်းတင်း ကျပ်ကျပ် ပြုလုပ်နေတာ။ အဲဒီ ဘိန်းစာရွက်ပင်ကို အိမ်မှာ လက်ဝယ်တွေ့တာဖြစ်ဖြစ်၊ သုံးစွဲလို့ တွေ့တာဖြစ်ဖြစ် ထောင်ဒဏ် ၅ နှစ်ချမှတ်သွားမယ်လို့ ဒေသန္တရ အမိန့်ထုတ်ထားတာရှိတယ်” လို့ ပြောပါတယ်။
အာဆီယံပင်(ခေါ်) ဘိန်းစာရွက်ပင်ဟာ ထိုင်းနိုင်ငံက ဆင်းလာသူတွေက မျိုးပင်ပါလာကြတာကနေ ရခိုင်ကမြို့ရွာတွေမှာ မျိုးပွားလာပြီး လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေအကြား မူးယစ်ဆေးဝါးလိုမျိုး သုံးစွဲမှု မြင့်တက်လာကြတာလည်း ဖြစ်ပါတယ်။
အာဆီယံပင်(ခေါ်) ဘိန်းစာရွက်ပင် တခါတရံ သုံးစွဲမှုပြုလုပ်ရင် ခန္ဓာကိုယ် လန်းဆန်း စေတာမျိုး တွေရှိပေမဲ့ ရေရှည်သုံးစွဲမှုပြုလုပ်ရင် မှတ်ဉာဏ်အားနည်းတာ၊ စိတ်ကျလွယ်တာနဲ့ ကင်ဆာ ဖြစ်ပွား မှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ကျန်းမားရေးအသိုက်အဝန်းတွေက ပြောကြပါတယ်။
ရခိုင်မှာ တိုက်ပွဲကာလအတွင်းမှာ အလုပ်ကိုင် အခွင့်အလမ်းရှားပါးလာတာ၊ ပညာရေး သင်းကြားခွင့် ဆုံးရှုံးပြီး ပညာရေးပြင်ပကို ရောက်ရှိသွားကြတာကြောင့် လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေဟာ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက်လာနေပြီး အာဆီယံပင်(ခေါ်) ဘိန်းစာရွက် ပင်တွေကို အရည်ကျိုပြီးမူးယစ်ဆေးဝါး မျိုးစိတ်တခုအဖြစ် သုံးစွဲမှု မြင့်တက် နေကြတာလည်း ဖြစ်ပါတယ်။
အာဆီယံပင်တွေကို အမြစ်ပြတ်ရှင်းတာဟာ ကြိုဆိုရမှာဖြစ်ပြီး အစိုးရအနေနဲ့ မူးယစ်ဆေးဝါး နည်းတူ စနစ်တကျ ရှင်းလင်းသင့်တယ်လို့ ကျောက်တော်မြို့နယ်က အမျိုးသားတယောက်က ပြောပါတယ်။
“အာဆီယံပင်တွေကို မူးယစ်ဆေးဝါးလိုမျိုး သုံးစွဲမှုမြင့်တက်လာတာက ၂၀၂၄ အတွင်းမှာ သိသိသာသာ မြင့်တက်လာတာတွေ့ရတယ်။ အာရက္ခတပ်တော်က ရှင်းလင်းမှုအချို့ကို ပြုလုပ် ခဲ့ပေမဲ့ အမြစ်ပြတ်ရှင်းလင်းခဲ့တာမျိုး မဟုတ်ဘူး။ အခုတော့ ရပ်ရွာတွေမှာ အမြစ်ပြတ်ရှင်းလင်းဖို့ ကြိုးပမ်းလာတာနဲ့ လက်ဝယ်တွေ့ရင် အရေးယူမယ်လို့ ထုတ်ပြန်လာတာဟာ ကြိုဆိုရမယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အာဆီယံပင်(ခေါ်)ဘိန်းစာရွက်ပင်တွေကို လက်ဝယ်တွေရှိတာ (သို့) သုံးစွဲတာတွေ့ရှိရင် ထောင်ဒဏ် ၅ နှစ်ချမှတ်မယ်လို့ ထုတ်ပြန်ထားတာရှိပေမဲ့ ဘယ်ဥပဒေပုဒ်မတွေနဲ့ အရေးယူ သွားမယ်ဆိုတာတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ အာဆီယံပင်က အရွက်တွေ တပိဿာ ၂ သိန်းကျပ်အထိ ပေါက်ဈေးရှိပြီး အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ရောင်းချမှုတွေ ရှိခဲ့တယ် လို့ သိရပါတယ်။






