
တောင်ကုတ်-ပန်းတောင်း ရိုးတောင်ကျော်လမ်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို လက်နက်ခဲယမ်းနဲ့ အတူ AA က ဖမ်းဆီးရမိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
မတ် ၃ ရက် ကပစ ၁၆ ကာကင်းတွေနဲ့ AA ပူးပေါင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA စစ်ကြောင်းက လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ညနေ ၄ နာရီကျော်မှာ တိုက်ပွဲထဲက ထွက်ပြေးလာတာပါ။ အဲဒါကို AA စစ်ကြောင်းက ဖမ်းဆီး ရမိတယ်။ အကုန် ပြည်သူ့စစ်တွေပါ။”
ပွိုင့် ၆၆၆ နဲ့ ကပစ ၁၆ ကြားရှိ အဓိက ကပစ ၁၆ ကာကင်းတွေနဲ့ AA ပူးပေါင်းတပ်တို့ တိုက်ပွဲ မကြာခဏပြင်းထန်နေပြီး အဲဒီတိုက်ပွဲထဲက အဓမ္မ ပြည်သူ့စစ် စုဆောင်းခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ဟာ အခုလို အခွင့်သာတုန်း ထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေဆီ လက်နက်ချ အလင်းဝင်သူ တွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီက ကပစ ၁၆ ပတ်လည်အကွာ ၂ မိုင်ဝန်းကျင်ကို AA နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ကပစ ၁၆ အနီးအနား ဥယျဉ်ခြံမြေ တော တောင် တွေကို ဒရုန်းနဲ့ ဓာတ်ဆီ၊ ရေနံဆီ ဖျန်းပြီး မီးရှို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ကပစ ၁၆ ကို လာတိုက်ရင် ခြုံခိုလို့ မရအောင် သဘောပါ။ အဓိက ဥယျာဉ်ခြံတွေ နစ်နာတယ်၊ သစ်ပင်စိုက်ထားတဲ့ ပိုင်ရှင်တွေ နစ်နာတယ်။”
ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး ကစပ ၁၆ ဝန်းကျင်ကို စစ်ကောင်စီက ဒရုန်းဗုံးသီးတွေနဲ့ မီးလောင် ဗုံးတွေ ချပြီး တောတောင်တွေကို မီးရှို့ထားတယ်လို့ သူက ပြောပါတယ်။
လေလာတောင်နဲ့ ညောင်ကျိုး၊ ဆင်လမ်၊ ကပစ ၁၆ ဝန်းကျင် ကာကင်းစခန်းတွေနဲ့ အာရက္ခ တပ်တော်ပူးပေါင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ နေ့စဉ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်တို့နဲ့ တော်လှန်ရေး တပ်တွေ ထိန်းချုပ်နေရာ၊ စစ်ပွဲဧရိယာတို့ကို နေ့စဉ် ဗုံးကြဲနေတယ်လို့ စစ်ရေးနီးစပ်သူတွေထံက သိရပါတယ်။


