Home
မြန်မာသတင်း
ကျောက်ဖြူတွင် စစ်တပ်အထိုင်စခန်းများကို AA ဆက်လက်တိုက်ခိုက်
DVB
·
March 10, 2026
Photo: AA

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အကျအဆုံးများနဲ့ နောက်ဆုတ်လာနေရတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေရှိရာ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဆက်လက်တိုက်ခိုက်နေတယ်လို့ စစ်ရေးနီးစပ်သူတွေထံက သိရပါတယ်။

မင်းပြင်၊ သိုင်းချောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို နောက်ဆုတ်လာရတဲ့ စစ်ကြောင်းတွေ ရောက်နေချိန် AA က လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဆက်လက်တိုက်ခိုက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“မြေပြင်တိုက်ပွဲတော့ မရှိဘူး၊ ဒဏ်ရာတွေနဲ့ နောက်ဆုတ်လာရတဲ့ စစ်ကြောင်းတွေ ပူးပေါင်းနေတဲ့ မင်းပြင်စခန်း၊ သိုင်းချောင်းစခန်းကို AA က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက်နေတယ်။”

အာရက္ခတပ်တော်ရဲ့ ဒရုန်း၊ လက်နက်ကြီးကျည်တွေဟာ မင်းပြင်၊ သိုင်းချောင်းစခန်းထဲ ကျရောက်ပေါက်ကွဲနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ ဒိုးမတောင်ပတ်ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းလည်း အာရက္ခတပ်တော် (AA) က ဒရုန်းအပြင် စနိုက်ပါတို့နဲ့ ဆက်လက်တိုက်ခိုက်နေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ဒိုးမတောင်ပတ်ဝန်းကျင်မှာ ရှိတဲ့ စကစ စစ်ကြောင်းလည်း ထွက်ပေါက်မရ တိုက်ခိုက်ခံနေရတယ်။ အဓိက ဒရုန်း၊ စနိုက်ပါ ထိနေတယ်။”

အခုလို စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းဟာ မင်းပြင်ပတ်ဝန်းကျင်၊ သိုင်းချောင်းပတ်ဝန်းကျင်၊ ဒိုးမတောင်ပတ်ဝန်းကျင်တို့မှာ AA ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုးနေစဉ် AA ဘက်က ချေမှုန်းတိုက်ခိုက်လိုက်တဲ့အတွက် မင်းပြင်ဘက် စစ်ကြောင်း၊ သိုင်းချောင်းဘက်စစ်ကြောင်း ပြိုကွဲပြီး နောက်ဆုတ်သွားရတယ်လို့ ဒေသခံ စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013