
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီ အထိုင်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်တယောက် အပါအဝင် ဒေသခံ ၃ ယောက် ဒဏ်ရာရရှိသွားပါတယ်။
မတ် ၈ ရက် ည ၈ နာရီခွဲလောက်မှာ ရွှေဘို-မန္တလေးလမ်း၊ ရွှေဘိုမြို့အဝင် တောင်ဘက်မုခ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေး အထိုင်ဂိတ်ကနေ အောင်ချမ်းသာကျေးရွာ ဘက်ကို လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီလို ပစ်ခတ်ချိန်မှာ တိုက်ပွဲဖြစ်ပွားနေတာမျိုး မရှိဘူးလို့လည်း ဒေသခံတယောက်က ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးက စာသင်ကျောင်းဘေးကို ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တလုံးကတော့ ရွာလယ်က နေအိမ်ခြံဝင်းထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရသလို အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက်၊ အသက် ၆၅ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ လက်နက်ကြီးစမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“တိုက်ပွဲမဖြစ်ဘဲ တောင်မုခ်ကနေ ရမ်းသန်းပစ်တာပါ။ စာသင်ကျောင်းဘေးကျတဲ့ အလုံးက ထိခိုက်မှုမရှိပေမဲ့ ရွာထဲကျတဲ့အလုံးကတော့ ၃ ယောက်ကို ထိသွားတယ်။ အမျိုးသားတယောက်ကတော့ ပေါင်၊ ကျော၊ ပခုံးနဲ့ လည်ပင်းတွေကို ထိသွားပြီး ဒဏ်ရာများတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ကလေးနဲ့ အမျိုးသမီးကတော့ စိုးရိမ်ရတဲ့ အနေအထား မရှိပါဘူး။”
အခုပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း အောင်ချမ်းသာကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
အဲဒီတုန်းက ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတယောက် အသက်ဆုံးရှုံးခဲ့ရပြီး အသက် ၃၀ အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် တို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။


