Home
မြန်မာသတင်း
အင်းတော်မြို့နယ်ထဲကို စစ်တပ်ဗုံးကြဲ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး
DVB
·
March 10, 2026
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်မြို့နယ်၊ နန်းခွင်းကျင်းရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်အပျက်အစီးများ။ (Photo: Indaw Revolution IR)
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်မြို့နယ်၊ နန်းခွင်းကျင်းရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်အပျက်အစီးများ။ (Photo: Indaw Revolution IR)
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်မြို့နယ်၊ နန်းခွင်းကျင်းရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်အပျက်အစီးများ။ (Photo: Indaw Revolution IR)
IMG_20260309_234828

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ် ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ဗုံးတွေကြဲချခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Indaw Revolution IR ရဲ့တာဝန်ခံက “အင်းတော်မြို့နယ်ထဲမှာရှိတဲ့ မော်လူးမြို့နားက နန်းခွင်းကျင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်ရဲ့ ဟုမ္မလင်းဘက်ကနေ လာတယ်လို့ ယူဆရတဲ့ ဂျက်ဖိုက်တာက ဗုံး ၂ လုံး ကြဲသွားတာပါ။ တလုံးက ဘုန်းကြီးကျောင်းထဲကို ကျတယ်။ နောက်တလုံးက ကျောင်းဝင်းအပြင် ကိုကျတယ်။ ကျောင်းဆောင်တွေတော့ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာမရှိပေမဲ့ ကျောင်းဝင်းအုတ်တံတိုင်းနဲ့ ကျောင်းပတ်ဝန်းကျင်က အိမ်တချို့တော့ ပျက်စီးသွားပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်အမျိုးသားတယောက်ကတော့ ခြေမျက်စိကို ဗုံးစထိမှန်ခဲ့တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

မော်လူးမြို့ဟာ ကသာမြို့နဲ့ အင်းတော်မြို့တွေက စစ်ဘေးရှောင်‌အများစု ခိုလှုံနေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဆိုပါစစ်ဘေးရှောင်တွေဟာ ကြောက်လန့်ပြီး စိတ်သောကရောက်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲက မော်လူးမြို့ အပါအဝင် အနီးအနားကျေးရွာတွေမှာ အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတာမရှိဘူးလို့လည်း ဆိုပါတယ်။

ကသာခရိုင် အမှတ် ၂၊ K2 တပ်ရင်း ရဲ့ တပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲတွေ ငြိမ်နေပေမဲ့လည်း သူတို့ဘက်က ဂျက်ဖိုက်တာနဲ့ တမျိုး၊ ပါရာမော်တာနဲ့ တမျိုး၊ ဒရုန်းနဲ့တမျိုး လေကြောင်းတိုက်ခိုက်နေတာကတော့ ခပ်စိတ်စိတ် နေ့တိုင်းလောက်နီးပါး ရှိနေတယ်။ သူတို့ဘက်က လေကြောင်းတိုက်ခိုက်တဲ့အခါမှာလည်း ပြည်သူကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်တာက များတယ်။ တခြား ဘုန်းကြီးကျောင်းတွေ အပါအဝင် ဘာသာရေး အဆောက်အအုံတွေနဲ့ ဆေးရုံ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကိုလည်း မရှောင်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ထဲက မော်လူးဒေသကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် ဒေသခံပြည်သူ ၁၄ ယောက် သေဆုံးခဲ့ကြသလို ပြည်သူ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းမှာ ရှိကြတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ လေကြောင်းသတင်းတွေကို နားစွင့်ပြီး သတိနဲ့ နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013