
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃ လုံးနဲ့ ဘုရားကျောင်း မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မရှီကထောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့တပတ်ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး မနေ့ မတ် ၈ ရက် ညနေပိုင်းမှာ နေအိမ်တွေ မီးရှို့ခံရတာလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “မနေ့ည ၆ ခွဲဝန်းကျင်ကတော့ မရှီကထောင်ရပ်ကွက်။ ဘတ်ဖိုးတွေ ရောင်းတဲ့ ရုံးရှေ့လမ်းကြား။ အခုတိုက်ပွဲဖြစ်နေတာနဲ့ အစပ်က နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့တယ်။ မီးစရှို့တာက အရင် NLD အစိုးရလက်ထက် ရပ်ကွက်အုပ်ချုပ်ရေးမှူး အိမ်က စရှို့တာလို့ သိရတယ်။ နေအိမ် ၃ လုံးလောက်နဲ့ ဘုရားကျောင်း ပါသွားတယ်” လို့ ပြောပါတယ်။
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် နောက်ကျောဘက်မှာ စစ်ကောင်စီပူးပေါင်း SNA တပ်၊ ပြည်သူ့စစ်တပ်တွေနဲ့ KIA ပူးပေါင်းတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒီနေ့မနက်ပိုင်းမှာတော့ လတ်တလော တိုက်ပွဲတွေ ငြိမ်နေတယ်လို့ ဆိုပါတယ်။
မတ် ၇ ရက်ကလည်း ဖားကန့်၊ တာမခံကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျော်နိုင်လုပ်ကွက်က အလုပ်သမားတွေ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မိခင်သေဆုံးကာ ကလေးတယောက် အပါအဝင် ၃ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
မတ် ၅ ရက်မှာလည်း မရှီကထောင်ရပ်ကွက်နောက်ကျော စည်ပင်ကွက်သစ် အထက်ဘက်က အရပ်သား နေအိမ်တလုံးလည်း မီးရှို့ခံရတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။


