
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်တွေမြို့ ဆေးရုံကြီးကို မတ် ၇ ရက် မနက်ပိုင်းက လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သလို စစ်တွေတဘက်ကမ်းက ပေါက်တောမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။
“ညနေဝင်စအချိန်းကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်နေကြတာပါ။ တိုက်ပွဲက တအားပြင်းတယ်၊ မြို့ထဲကတောင် အသံအကျယ်ကြီးကြားရတယ်။”
တိုက်ပွဲဖြစ်နေတဲ့နေရာကို အမှတ် ၁၂ ရဲတပ်ရင်းကလည်း လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
မတ် ၇ ရက် မနေ့အစောမနက်ပိုင်းမှာတော့ စစ်တွေ ဆေးရုံကြီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဆေးသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့ခံ အမျိုးသားတယောက်က “မနက်စောစော ၄ နာရီကျော် ဝန်းကျင်မှာ ဆေးရုံကြီးမှာ လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲတာရှိတယ်။ ဘယ်ဘက်ကပစ်တယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ လူတော့ အထိခိုက်မရှိဘူး။ ဆေးသိုလှောင်ရုံမှာ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မီးလောင်မှုအနည်းငယ်တော့ရှိတယ်။ ဆေးတွေလည်း ပျက်စီးသွားတာရှိတယ်။ မီးသတ်ဌာနနဲ့လည်းနီးတော့ အချိန်မီ မီးငြိမ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ဟာ စစ်တွေဆေးရုံကြီးဝန်းထဲက ငှက်ဖျားဆောင်နဲ့ အရေးပေါ် လူနာဆောင်ကြားမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆေးသိုလှောင်ရုံကို ထိခိုက်ပျက်စီးခဲ့သလို ပြည်နယ် ဥပဒေချုပ်ရုံးနားကိုလည်း လက်နက်ကြီးစတွေ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကြောင့် ဆေးရုံကြီး ထိခိုက်တဲ့အပေါ် မြို့ခံလူထုတွေ စိုးရိမ်စိတ်ပိုများလာကြပြီး ဒီဖြစ်နဲ့ပတ်သက်လို့ စစ်ကောင်စီကရော AA ဘက်ကပါ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
စစ်တွေမြို့နယ်တဘက်ကမ်းမှာရှိတဲ့ ပေါက်တောမြို့နယ်၊ ကြိမ်ခြွေမော်၊ မနောသီရီ ကျေးရွာပတ်ဝန်းကျင်ကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပေါက်တောဒေသခံတယောက်က ပြောပါတယ်။
“ရွာထဲတော့ မကျဘူး။ ရွာအပြင်ဘက်ကို ကျတယ်။ ဗုံးအလုံး ၁၀ ကျော်ကြဲချခဲ့တယ်။ အပြင်မှာရှိတဲ့ ကျေးရွာသားပိုင်ပစ္စည်းတချို့ ထိခိုက်ပျက်စီးတယ်။”
ပေါက်တောနဲ့ စစ်တွေမြို့နယ်အစပ်ကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲသလို စစ်သင်္ဘောကနေလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခဲ့တယ်လို့သိရပါတယ်။
စစ်တွေမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ စစ်တွေမြို့အနီး ပင်လယ်ပြင်မှာ စစ်ကောင်စီက ရေတပ်သင်္ဘော ၈ စင်းအထိ ထိုးမြှင့်ချထားပါတယ်။
Photo : APM


