ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာက ကျောက်စိမ်းလုပ်ကွက်ထဲကို မတ် ၇ ရက် ဒီနေ့လယ် ၁ နာရီမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား အမျိုးသမီး ၁ ယောက် သေဆုံးပြီး ကလေး ၁ ယောက် အပါအဝင် ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ကျော်နိုင် ကျောက်စိမ်းလုပ်ကွက်ထဲကို လေကြောင်းကတိုက်ခိုက်တာ။ ဗုံး ၂ လုံး ကြဲချတာ။ ဗုံးကြဲခံရလို့ အဆောက်အဦတွေ ပျက်သွားတယ်။ လုပ်ကွက်အဆောင်မှာနေတဲ့ အမျိုးသမီးတဦး ပွဲချင်းပြီးသေတယ်။ သူ့ကလေးက ဒဏ်ရာရတယ်။ ဒဏ်ရာရသူ ၃ ဦး လောက်ရှိတယ်” လို့ DVB ကို ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ကျော်နိုင်လုပ်ကွက်ဟာ အရပ်သားပိုင်လုပ်ကွက်ဖြစ်ပြီး တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်သလို ဒဏ်ရာရသူတွေဟာလည်း လုပ်ကွက် အလုပ်သမားတွေဖြစ်တယ် လို့ ဆိုပါတယ်။
တာမခံကျေးရွာဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
Photo : NTA




