
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက ထိန်းသိမ်းရေးစင်တာအနီးနားကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
မတ် ၅ ရက် ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ စစ်တပ်က တပ်မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့ စင်တာအနီးနားကို ဗုံးကြဲခဲ့လို့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “အနီးနားက ၃ နေရာကို ကြဲတာပေါ့။ အဲဒီနေရာမှာ စစ်တပ်စခန်း တခုကနေ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ထိန်းသိမ်းရေးစင်တာအနီးကို ဗုံး ၃ လုံးထက်မနည်း ကြဲလို့ ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်က မယ်စဲ့အကျဥ်းထောင်ကနေ ထိန်းသိမ်းခံထားရတဲ့ အကျဥ်းသား အယောက် ၈၀ ကျော် ထွက်ပြေးသွားခဲ့ပြီးနောက် အကျဥ်းထောင်အနီးတဝိုက်ကို စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာပဲ ဖြစ်ပါတယ်။
စစ်တပ်က ကရင်နီပြည်နယ်က နေရာအနှံ့အပြားကို ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။


