
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီ ဝန်ထမ်းအပြောင်းအလဲလုပ်ပြီးမှ ဧည့်စာရင်းစစ်ဆေးမှု ပိုမိုတင်းကျပ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့မှာ ပြည်မဘက်က စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲဝန်ထမ်း ရောက်ရှိလာပြီးနောက် စစ်တွေမြို့တွင်းက ရပ်ကွက်တချို့ကို စစ်ဆေးမှု တင်းကျပ်လာတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“အရင်ကလည်း ဧည့်စာရင်းစစ်တာတွေ ရှိတယ်။ အဓိက မင်းဂံရပ်ကွက်တွေကို စစ်တယ်။ အခု အသစ်ရောက်လာတဲ့ ရဲဝန်ထမ်းတွေနဲ့ စစ်သားတွေက အစစ်ဆေး ပိုကြမ်းတယ်။ ဧည့်စာရင်းမတိုင်ရင် ဖမ်းမယ်ပြောတယ်။”
အခုလို အစစ်အဆေး ကြမ်းလာတဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းပါမကျန် ဧည့်စာရင်း တိုင်ကြရတယ်လို့ ဝန်ထမ်းနဲ့နီးစပ်သူတယောက်ကလည်း ပြောပါတယ်။
“အခု ဌာနဆိုင်ရာက ရုံးပိုင်ဆိုင်ရာမှာ လုပ်တဲ့သူတွေကအစ ဖမ်းမှာကြောက်လို့ တိုင်နေကြရတယ်။ အရင်ကဆို ရုံးပိုင်ဆိုင်ရာဝန်ထမ်းတွေ မတိုင်ရင်လည်း ဘာမှမဖြစ်ဘူး။”
စစ်တွေမြို့မှာ အရင် တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ပြီးခဲ့တဲ့လပိုင်းက ပြည်မဘက် ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုက်အဝန်းဆီက သိရပါတယ်။
အဲဒီနောက်မှ ပြည်မဘက်က စစ်ကောင်စီဝန်ထမ်းနဲ့ ရဲဝန်ထမ်းတွေကို စစ်တွေကို ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်က စစ်ကောင်စီနဲ့ ရဲဝန်ထမ်းတွေ အပြောင်းအရွှေ့ ပြုလုပ်လျက်ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“AA သိမ်းဖို့ ကျန်သေးတဲ့ မြို့ ၃ မြို့စလုံး ဝန်ထမ်းအရွှေ့အပြောင်း တာဝန်အပြောင်းအလဲ လုပ်တာတွေရှိတယ်။”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲဝန်ထမ်းတွေဟာ စစ်တွေမြို့က ရပ်ကွက်တွေကို အရင်ကထက် ဧည့်စာရင်းစစ်ဆေးမှုတွေ ပြုလုပ်လာပြီး လက်နက်ပစ်ခတ်သံတွေ နေ့စဉ်ကြားနေရတာကြောင့် မြို့တွင်းဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အခု မတ်လအစရက်ပိုင်းအတွင်း စစ်တွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ အရင်ကထက် စစ်ရေးတင်းမာနေပြီး လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


