
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဓာတ်ဆီ ၉၂ တလီတာကို ကျပ် ၄၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၃ ရက်အထိ ဓာတ်ဆီ ၉၂ တလီတာကို ကျပ် ၁၈,၀၀၀ ရှိခဲ့ရာကနေ မတ် ၄ ရက်မှာ ကျပ် ၄၀,၀၀၀ အထိ ၂ ဆကျော်မြင့်တက်သွားတာဖြစ်ပါတယ်။
စစ်တွေမြို့ခံ တယောက်က “မနေ့ ညကပဲ ကျပ် ၄၀,၀၀၀ လောက်ထိ တက်သွားတာပါ၊ မနက်ပိုင်းက တောင် ၁၇,၀၀၀ ၊ ၁၈,၀၀၀ လောက်ပဲရှိတာပါ၊ ညနေပိုင်းတော့ ဈေးက ၂ ဆကျော် လောက်ကို တက်သွားတာပေါ့နော်။ လမ်းဘေး ဆီဆိုင်တချို့ကတော့ အရောင်းပိတ်ထားတာမျိုးရှိတယ်”လို့ ပြောပါတယ်။
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက စစ်တွေမြို့မှာ စစ်တပ်က စက်သုံးဆီ လုံလုံ လောက်လောက် တင်သွင်းဖြန့်ဖြူးပေးနိုင်တာ မရှိတဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်ကြီးတွေ ပိတ်ထားခဲ့ရပြီး လမ်းဘေးဆိုင်တွေမှာ ရောင်းချတာ ပိုများလာနေတာပါ။
အခုလို ဓာတ်ဆီဈေးအဆမတန်မြင့်တက်လာနေတဲ့အတွက် စစ်တွေဒေသခံတွေဟာ ကုန်ဈေးနှုန်း တွေနဲ့ ဆီဈေးမြင့်တက်မှုဒဏ်တွေကြားမှာ သွားလာရေးအတွက် စက်ဘီးနဲ့ ဆိုက်ကားတို့လို အနှေးယာဉ်တွေကိုပဲ မှီခိုအားထားလာနေရတယ်လို့ ဆိုပါတယ်။
နောက်ထပ် စစ်တွေမြို့ခံ တယောက်က “ဦးလေးတို့က ဈေးသွားတာလောက်ပဲဆိုတော့ စက်ဘီးတို့ ၊ ဒါမှမဟုတ် လမ်းလျှောက်ပြီးပဲသွားတာများပါတယ်။ တခြားတုတ်တုတ်တွေ ငှားစီးမို့ကျ ၁၀,၀၀၀ ကျော်လောက်တောင် ပေးရတာဆိုတော့ မတတ်နိုင်ဘူးလေ။ တော်ရုံအလှမ်းဝေးတဲ့နေရာဆို မသွားတော့ဘူး။ ခရီးစရိတ်မှမတတ်နိုင်တာလေ။ စားဖို့တောင်အနိုင်နိုင်ရုန်းကန်နေရတာကို”လို့ ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းနှင်သူတွေနဲ့ သုံးဘီးဆိုင်ကယ်တွေကလည်း စီးမဲ့သူ မရှိတဲ့အတွက် ဝင်ငွေနည်းပါးကား ရပ်တည်ရ ခက်ခဲပြီး အလုပ်လက်မဲ့ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
မတ် ၄ ရက်အတွက် စစ်တပ်က သတ်မှတ်တဲ့ စစ်တွေမြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးမှာ အောက်တိန်း ၉၂ တလီတာကို ၂၇၈ဝ ကျပ်၊ အောက်တိန်း ၉၅ တလီတာကို ၂၈၄၅ ကျပ်၊ ရိုးရိုး ဒီဇယ်တလီတာကို ၂၉၃ဝ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်တလီတာကို ၃၂၁ဝ ကျပ် ရှိတယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။
လက်ရှိ စစ်တွေမြို့နယ်မှာလည်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေပြီး စစ်ရေးတင်းမာနေဆဲပါ။
ရခိုင်မှာ စစ်တပ်ရဲ့ လမ်းခရီးပိတ်ဆို့ထားတာကြောင့် စက်သုံးဆီအပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး ဒေသခံတွေရဲ့ လူမှုဘဝရပ်တည်ရေး အများကြီး ခက်ခဲ နေပါတယ်။
ကေခိုင်


