Home
မြန်မာသတင်း
စက်သုံးဆီကန့်သတ်မှုကြောင့် ပြင်ပပေါက်စျေး ဓာတ်ဆီ ၁ လီတာကို ကျပ် ၅,၀၀၀ ဖြစ်လာ
DVB
·
March 4, 2026

စစ်ကောင်စီက စက်သုံးဆီထုတ်ယူမှုကို ကန့်သတ်လိုက်ပြီးနောက် ပြင်ပစက်သုံးဆီစျေးကွက်မှာ 92 နဲ့ 95 တစ်လီတာကို ကျပ် ၅,၀၀၀ အထိ မြင့်တက်သွားတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စက်သုံးဆီချွေတာဖို့ အိမ်စီးကားတွေကို စုံ၊ မ စနစ်နဲ့ တရက်ခြားမောင်းရမယ်လို့ မတ် ၃ ရက်ညပိုင်းက စစ်ကောင်စီက သတ်မှတ် ကြေညာခဲ့ပြီးနောက် မတ် ၄ ရက်မနက်ကစလို့ စက်သုံးဆီပြင်ပပေါက်စျေးမှာ 92 တလီတာကို ကျပ် ၅၀၀၀ အထိ စျေးမြင့်သွားတာလို့ မြောက်ဒဂုံနေ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

"စုံစစနစ်က ဘယ်အချိန်ထိဆိုတာ မသိသေးတာ။ စက်သုံးဆီကန်သတ်တာရယ်ကြောင့် နောက်ရက်ဆီမရမှာစိုးလို့ မနက်ကတည်းကလိုက်ဝယ်ထားရတယ်။ စက်သုံးဆီက ပြင်ပပေါက်စျေး မနက်က ၄,၀၀၀  နေ့ခင်းမှာ ၅,၀၀၀ ဖြစ်သွားတာ ဒါတောင်ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။”

စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တချို့ကိုတော့ မင်္ဂလာဒုံတပ်နယ်မှာ တယောက်ကို စက်သုံးဆီ ၁၀ ဂါလန်နှုန်း ထုတ်ပေးနေကာ လိုသလောက်မရဘူးလို့ မင်္ဂလာဒုံမြို့နယ်မှ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

"မင်္ဂလာဒုံတပ်နယ်မှာတော့ တပ်ကိုအမြဲတမ်းထောက်ပံ့ပေးနေတဲ့ လုပ်ငန်းရှင်တွေကို တယောက်ကို မနက်ကတည်က 95 ဆယ်ဂါလန် ခေါ်ရောင်းပေးတယ်။ အဲ့မှာလည်း တလီတာကို ၅,၀၀၀ ပေးရတယ်။”

စစ်ကောင်စီက မတ် ၇ ရက်မှာ စတင်ကျင်သုံးမဲ့ စုံရက် မရက် အလိုက်ကားမောင်းရမဲ့ စနစ်ဟာ နံပါတ် ၂ မျိုးစလုံးရှိတဲ့သူတွေအတွက် အဆင်ပြေပေမဲ့ ကားတစီးတည်းရှိ သူတွေအတွက် အခက်အခဲဖြစ်ကြောင်း ယာဥ်မောင်းတယောက်က ပြောပါတယ်။

"တချို့က  စုံအက္ခရာရော၊ မအက္ခရော ကား ၂ စီးရှိတဲ့သူအတွက်က အဆင်ပြေပေမဲ့ ကား ၂ စီးတော့ရှိတယ် မအက္ခရာတွေချည်းပဲ ဖြစ်နေတာ။ စုံအက္ခရာတွေချည်းပဲဖြစ်နေတာကျတော့ အဆင်မပြေဘူး။ အဲ့ဒီတော့ မအက္ခရာကို ပြန်ရောင်းပြီးစုံအက္ခရာဝယ်။ ဒါမှမဟုတ် စုံအက္ခရာကိုပြန်ရောင်းပြီး မအက္ခရာဝယ်ရမယ်။ စက်သုံးဆီအခြေအနေက ဘယ်အထိသွားမလဲဆိုတာ မသိသေးဘူး။ ဒီစနစ်က ယာဥ်ထိန်းရဲတွေကို စားပေါက်ခွင့်ပေး လိုက်သလိုဖြစ်သွားတယ်။” 

လစဉ်“စုံ” ရက်တွေမှာ ဥပမာ 2A၊ 4A စတဲ့ စုံနံပါတ်လိုင်စင်ပါတဲ့ ပုဂ္ဂလိကယာဉ်တွေသာ မောင်းနှင်နိုင်မှာ ဖြစ်ပြီး၊ “မ” ရက်တွေမှာ 1A, 3A စတဲ့ မနံပါတ်ပါတဲ့  ယာဉ်တွေသာ မောင်းနှင်နိုင်မယ်လို့  စစ်ကောင်စီကစည်းကမ်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့  EV မော်တော်ယာဉ်နဲ့ EV ဆိုင်ကယ်တွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ တက္ကစီယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေနဲ့ လူနာတင်ယာဉ်တွေ၊ စည်ပင်အမှိုက်သိမ်းယာဉ်နဲ့  နိဗ္ဗာန်ယာဉ်တွေကတော့ နေ့စဉ် မောင်းနိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013