
မြန်မာပြည်တွင်းမှာ စက်သုံးဆီ ခြိုးခြံချွေတာရေး စီမံချက်ကြောင့် စီးပွားရေးလည်ပတ်မှုတွေ မထိခိုက်စေဖို့အတွက် လုပ်ငန်းသုံးယာဉ်တွေကို နေ့စဉ် အသုံးပြုခွင့်ပြုကြောင်း စစ်ကောင်စီက ထပ်မံထုတ်ပြန်ပါတယ်။
ထပ်မံဖြည့်စွက် ခွင့်ပြုပေးလိုက်တဲ့ ယာဉ်အမျိုးအစားတွေထဲမှာ လုပ်ငန်းသုံးယာဉ်၊ ဝန်ထမ်းကြိုပို့ယာဉ်တွေ၊ ကုန်စည်ဖြန့်ဖြူးရေးသုံးယာဉ်တွေနဲ့ ကျောင်းကြို/ပို့ယာဉ်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ နေ့စဉ်အသုံးပြုမှုအတွင်းမှာ သက်ဆိုင်ရာ အလုပ်ဌာနက ခိုင်လုံတဲ့ အထောက်အထားနဲ့ ထောက်ခံချက်တွေ ပါရှိဖို့ လိုအပ်မှာဖြစ်ပြီး ယာဉ်အစီးရေနဲ့ ယာဉ်သုံးစွဲတဲ့ အခေါက်ရေကိုလည်း အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပါတယ်။
စက်သုံးဆီ ခြိုးခြံချွေတာဖို့အတွက် မတ် ၇ ရက်က စတင်ပြီး ပုဂ္ဂလိကပိုင်ယာဉ်တွေကို စုံ/မ ရက်အလိုက် ယာဉ်နံပါတ်ပေါ် မူတည်ပြီး အသုံးပြုခွင့် ကန့်သတ်တော့မယ်လို့ စစ်ကောင်စီက မတ် ၃ ရက်က ကြေညာထားခဲ့တာပါ။
အဆိုပါ စုံ/မ ရက်စွဲအလိုက် အသုံးပြုခွင့်ကန့်သတ်မဲ့ ယာဉ်တွေစာရင်းထဲမှာ လူနာတင်ယာဉ်တွေ၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ လောင်စာဆီ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အပါအဝင် တချို့ယာဉ်တွေကတော့ ကင်းလွတ်ခွင့်ရပါတယ်။
မတ် ၄ ရက်မှာတော့ စစ်ကောင်စီက အဆိုပါ ကင်းလွတ်ခွင့်ရယာဉ်တွေ စာရင်းထဲမှာ ဝန်ထမ်းကြိုပို့ယာဉ်တွေ၊ ကျောင်းကြိုပို့ယာဉ်တွေနဲ့ စက်ရုံအလုပ်ရုံသုံး ဌာနဆိုင်ရာယာဉ်တွေကိုပါ ထပ်မံဖြည့်စွက်ပြီး ထည့်သွင်းလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အရင်က သတ်မှတ်ထားတဲ့ နေ့စဉ် အသုံးပြုခွင့်ရ မော်တော်ယာဉ်စာရင်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ တက္ကစီအငှားယာဉ်တွေ၊ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့ ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ်တွေ၊ စည်ပင်အမှိုက်သိမ်းယာဉ်တွေ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါ ဖြည့်စွက်ချက်အနေနဲ့ ဒီစာရင်းကို ထပ်မံထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပုဂ္ဂလိက အိမ်စီးကားတွေကတော့ အီရန်စစ်ပွဲနဲ့ ကမ္ဘာနိုင်ငံရေး အခြေအနေအရ စက်သုံးဆီ ခြိုးခြံချွေတာဖို့အတွက် မတ် ၇ ရက်က စတင်ပြီး လစဉ် စုံ/မ ရက်သတ်မှတ်ချက်နဲ့သာ အလှည့်ကျ မောင်းနှင် အသုံးပြုရမှာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၃ ရက်မှာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံမှာ စက်သုံးဆီ ရက် ၄၀ စာ ဖူလုံမှု ရှိနေတယ်လို့ မတ် ၄ ရက်က ပြောကြားခဲ့ပေမဲ့လည်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်မှာကို စက်သုံးဆီ အရောင်းဆိုင်တွေက တနေ့ကို နှစ်ကြိမ်ခွဲပြီး ရောင်းချပေးနေကာ စစ်တပ်ပိုင် မြဝတီစက်သုံးဆီဆိုင် အရောင်းပိတ်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ရက်စွဲအလိုက် စုံ/မ သတ်မှတ်ကာ ပုဂ္ဂလိကပိုင်ယာဉ် အသုံးပြုခွင့် သတ်မှတ်ချက်အပေါ် စစ်တပ်ထောက်ခံသူတွေထဲမှာကို ဝေဖန်မှုတွေရှိနေပြီး စက်သုံးဆီပြတ်တောက်မှာကို စိုးရိမ်ကာ တန်းစီဝယ်ယူမှုတွေ တနိုင်ငံလုံးနီးပါး ဖြစ်ပေါ်နေပါတယ်။


