
မြန်မာနိုင်ငံမှာ ရက် ၄၀ စာ အရန်ဆီ ရှိတဲ့အပြင် ပြည်ပက စက်သုံးဆီသင်္ဘောတွေ စဉ်ဆက်မပြတ် ရောက်ရှိစေရေး ညှိနှိုင်းဆောင်ရွက်ထားပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာရင် ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ရှာဖွေချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက မတ် ၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
လက်ရှိ သီလဝါမှာ သင်္ဘော ၂ စီး၊ ဆီတင်ပြီး မြန်မာနိုင်ငံကို လာနေတဲ့ သင်္ဘော ၆ စီး၊ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော ၈ စီး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူနဲ့ မလေးရှားတို့ဆီကနေ စက်သုံးဆီ တင်သွင်းနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက ဆီတင်ပို့မှု ပိတ်တာဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှုဟာ တရက်ကို ဓာတ်ဆီ ဂါလန် ၁ ဒသမ ၅ သန်းခန့်၊ ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇ သန်းခန့်ရှိပြီး စုစုပေါင်း တရက်ကို ဆီဂါလန် ၃ ဒသမ ၂ သန်းခန့် သုံးစွဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီဂါလန် သန်း ၆၀၊ ဒီဇယ်ဆီ ဂါလန် သန်း ၇၀ ခန့် ထားရှိထားတယ်လို့ သိရပါတယ်။
ပုဂ္ဂလိက မော်တော်ယာဉ်တွေအနေနဲ့ လာမဲ့ မတ် ၇ ရက်က စတင်ပြီး EV မော်တော်ယာဉ်တွေကလွဲရင် လစဉ် ‘စုံ’ ရက်တွေမှာ စုံနံပါတ်လိုင်စင်ပါတဲ့ ယာဉ်တွေ၊ ‘မ’ ရက်တွေမှာ မ နံပါတ်လိုင်စင်ပါတဲ့ ယာဉ်တွေသာ မောင်းနှင်ခွင့်ပြုမယ်လို့ စစ်ကောင်စီက မတ် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလို ကြေညာပြီးနောက်မှာ ငွေကြေးတတ်နိုင်သူတွေဟာ လျှပ်စစ်မော်တော်ယာဉ် (EV) တွေကို အလုအယက် ဝယ်ယူနေပြီး အရောင်းပြခန်း တော်တော်များများ EV မော်တော်ယာဉ်တွေ ရောင်းထွက်ကုန်တယ်လို့ သိရပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေရဲ့သား ဇေသီဟက “တနေကုန် EV ကားတွေ ပတ်ရှာတာ ညနေ ၅ နာရီမှ နေ့လယ်စာ စားဖြစ်တယ်။ ရောင်းဖို့ မရှိတော့ဘူးဆိုတဲ့ Show Room တွေ၊ အရောင်းပိတ်လိုက်ပြီဆိုတာတွေ၊ ကားရှိတယ် Deposit အရင်ချပြီးရင် ကားပြပေးမယ် ဆိုတာတွေ ကြားမှာ အချိန်တော်တော် ကုန်သွားတယ်။ Show Room တခုရောက်တော့ Sold Out စာကပ်ထားတဲ့ ကားတွေကြားက ကျန်တဲ့ကားကို စိတ်ကြိုက်ကြည့်ဖြစ်တယ်။ ပြီးတော့ အမေ့ဆီ သွားတိုင်ပင်ပြီး ကြည့်ထားတဲ့ကားပဲ ပြန်ယူမလို့ ပြန်လည်းရောက်ရော Sold out ဖြစ်သွားပြီတဲ့။ နာရီဝက်နဲ့ ကြည့်ထားတဲ့ကား မရတော့ပြန်ဘူး။ အဲဒီဘေးက ရပ်ထားတဲ့ကားပဲ ငွေချေပြီး ပြန်လာခဲ့ရတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။


