Home
နိုင်ငံတကာ
ဒီဇယ်ဈေးနှုန်းကို ၁ လီတာလျှင် ဘတ် ၃၀ အောက်သာ ရောင်းချရန် ထိုင်းအစိုးရ အမိန့်ထုတ် 
DVB
·
March 4, 2026

ထိုင်းနိုင်ငံအတွင်း လက်လီရောင်းချနေတဲ့ နိုင်ငံခြားစက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ ဒီဇယ်ဈေးနှုန်း တလီတာကို ဘတ် ၃၀ အောက်မှာသာ ရောင်းချကြဖို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြန်လိုက်တဲ့အကြောင်း The Nation Thailand သတင်းမှာ မတ် ၃ ရက်က ဖော်ပြပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေအပေါ် စိုးရိမ်မှုတွေကြောင့် စက်သုံးဆီဆိုင်တွေမှာ မော်တော်ယာဉ်မောင်းနှင်သူ အများအပြား တိုးဝှေ့ဝယ်ယူလာကြပြီးနောက် ထိုင်းအစိုးရက ကုန်ကျစရိတ်တွေကို နိုင်ငံရဲ့ စက်သုံးဆီရန်ပုံငွေ ပြန်လည်ခုနှိမ်ပေးမဲ့စနစ်ကို အသုံးပြုကာ အခုလို ဒီဇယ်ဈေးနှုန်း ထိန်းထားဖို့ အမိန့်ပေးလိုက်တာပါ။

ထိုင်းပြည်ထဲရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက မတ် ၃ ရက်မှာ စွမ်းအင်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေကို အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ ပုံမှန်သတင်းတင်ပြကြဖို့ ညွှန်ကြားခဲ့ကြောင်းလည်း သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ မတ် ၄ ရက် ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူတွေဆီ သတင်းအချက်အလက်များ ထုတ်ပြန်ပေးဖို့လည်း ညွှန်ကြားလိုက်တာပါ။

ကမ္ဘာ့စွမ်းအင်ကဏ္ဍအတွက် အဓိက အချက်အချာဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ထားပေမဲ့ ဆီတင်သင်္ဘောတွေနဲ့ LNG တင်သင်္ဘောအများစုဟာ ရေလက်ကြားထဲ ပိတ်မိမနေဘဲ သတ်မှတ်ထားတဲ့ နေရာတွေဆီ ကုန်စည်ပို့ဆောင်နိုင်ရေး ထွက်ခွာခဲ့ကြပြီးဖြစ်ကာ တချို့သော သင်္ဘောတွေက ထိုင်းနိုင်ငံဆီ ဦးတည်နေကြောင်းလည်း သတင်းရင်းမြစ်ရဲ့ အဆိုကို ကိုးကားပြီး ဖော်ပြပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေက အရှေ့အလယ်ပိုင်းဒေသ ပြင်ပကနေ စက်သုံးဆီတွေ အရှိန်အဟုန်နဲ့ ဝယ်ယူနေတဲ့ ကာလအတွင်း ထိုင်းနိုင်ငံတွင်းမှာ လုံလောက်တဲ့ ဆီနဲ့ ဓာတ်ငွေ့အရန်သင့် ရှိနေမယ်လို့ ဆိုလိုတာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

လတ်တလောမှာတော့ စွမ်းအင်ဝန်ကြီးဌာနနဲ့ PTT ကုမ္ပဏီတို့ဟာ ဒေသပြင်ပကနေ အပိုဆောင်း စွမ်းအင်ထောက်ပံ့မှုတွေ ရရှိစေရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး ပိုမိုရှင်းလင်းတဲ့ အခြေအနေတွေကို သိရှိလာရဖို့ မျှော်လင့်ရကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံခြားစက်သုံးဆီအရောင်းဆိုင်တချို့က ဒီဇယ်နဲ့ ဓာတ်ဆီဈေးနှုန်းတွေကို မြှင့်တင်ပြီးဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ စွမ်းအင်ဝန်ကြီးဌာနက ဒီဇယ်ဈေးနှုန်းကို မတ် ၇ ရက်ကနေ ၁၀ ရက်အထိ ထိန်းထားမယ်လို ကြေညာထားကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

အစိုးရအနေနဲ့ ပုဒ်မ ၇ အရ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ စက်သုံးဆီရောင်းချသူ အားလုံးကို ပြန်လည်ခုနှိမ်ပေးဖို့အတွက် စက်သုံးဆီရန်ပုံငွေယန္တရားကို အသုံးပြုမှာဖြစ်ပြီး နိုင်ငံခြား အရောင်းဆိုင်တွေအနေနဲ့ ဒီဇယ်စျေးနှုန်းကို လက်ရှိ PTT နဲ့ Bangchak တို့က ရောင်းချနေတဲ့အတိုင်း တလီတာကို ဘတ် ၃၀ အောက် ပြန်လည်လျှော့ချဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ လူနေမှုစရိတ်တွေအပေါ် သက်ရောက်မှု မရှိစေဖို့ အစိုးရက ၇ ရက်ကနေ ၁၀ ရက်အထိ ထိန်းထားလိုတဲ့ ဒီဇယ်ဈေးနှုန်းအတွက် အထူးသဖြင့် စက်သုံးဆီရန်ပုံငွေကနေ ထောက်ပံ့ကြေးပေးဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆီအရန်သင့်ထားရှိမှုဟာ ၆၁ ရက်လောက်သာရှိပြီး တခြားနိုင်ငံတွေထက် နည်းပါးနေတယ်ဆိုတဲ့ ဝေဖန်မှုအပေါ် စီးပွားရေးပမာဏ၊ စားသုံးမှုအဆင့်နဲ့ လက်ရှိ စီမံခန့်ခွဲမှုယန္တရားတွေနဲ့ တိုင်းတာရင်တော့ ရက် ၆၀ စာ အရန်သင့်ရှိနေတာက နည်းပါးခြင်းမရှိကြောင်း သတင်းရင်းမြစ်က တုံ့ပြန်ပြောဆိုထားပါတယ်။

တချို့နိုင်ငံတွေ စီးပွားရေးပမာဏ ပိုမိုကြီးမားတာ၊ ရေနံစိမ်းထုတ်လုပ်ရာနေရာနဲ့ ဝေးကွာတာ၊ ဒါမှမဟုတ် ထောက်ပံ့သူ တဦးတည်းအပေါ်မှာသာ အလွန်အမင်း မှီခိုနေရတာတွေကြောင့် လပေါင်းများစွာ ဆီအရန်သင့်သိုလှောင်ထားကြတာဖြစ်ကာ ထိုင်းနိုင်ငံအတွက်ကတော့ ရက် ၆၀ ထက်ပိုပြီး အရန်သိုလှောင်မှု တိုးမြှင့်တာက အပိုဆောင်းဘတ်ဂျက်နဲ့ သိုလှောင်ရုံပမာဏ လိုအပ်မှာ ဖြစ်တာကြောင့် အခုအချိန်မှာ မလိုအပ်ဘူးလို့ ယူဆရကြောင်းလည်း ပြောပါတယ်။

Source: The Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013