
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ စက်သုံးဆီအတွက် တန်းစီသူတွေ များနေပြီး ဆီဆိုင် တချို့ ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မတ် ၃ ရက် မနက်ပိုင်းကစလို့ ဆီတွေ တန်းစီနေရပြီး ဆီဆိုင်အနည်းငယ်သာ စျေးမတက်သေးဘဲ ကားနဲ့ ဆိုင်ကယ် ဆီဖြည့်နိုင်ပေမဲ့ ရပ်ကွက်အတွင်းက ဆိုင်တွေမှာ စျေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။ ဆီဆိုင်အများစုလည်း ပိတ်တာတွေ ရှိနေတာပါ။
မြို့ခံတယောက်က “မနေ့ နေ့လယ်ကစပြီး ပုံးတွေ ပေပါတွေ အရောင်းရပ်လိုက်တာ။ စျေးကတော့ ၂,၅၀၀ ကျော်ပဲ။ တန်းမစီနိုင်တဲ့သူ၊ ငွေပေါတဲ့သူတွေကတော့ စျေးကြီး ပေးဝယ်နေတာပဲ။ ဆိုင်အကုန်နီးပါး ပိတ်တာပဲ။ ရပ်ကွက်ထဲက ဆိုင်လေးတွေလည်း မရောင်းနိုင်တော့ဘူး၊ ဝယ်လို့မှ မရတာ” လို့ ပြောပါတယ်။
အလားတူ တခြားမြို့တွေမှာလည်း စက်သုံးဆီအတွက် တန်းစီရတာတွေ ရှိနေပြီး မြို့အလိုက် စျေးနှုန်း ကွာခြားတယ်လို့ သိရပါတယ်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ ပုဂ္ဂလိကယာဥ်တွေက မတ် ၇ ရက်ကစပြီး စုံ ရက်တွေမှာ စုံ ဂဏန်းပါတဲ့ယာဥ် (ဥပမာ- 2A/..., 4A/...)၊ မ ရက်တွေမှာ မ ဂဏန်းပါတဲ့ယာဥ် (ဥပမာ- 1A/..., 3A/...) စတဲ့ယာဥ်တွေပဲ မောင်းနှင်အသုံးပြုရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


