အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲတွေဖြစ်နေချိန် ထိုင်းက စက်သုံးဆီ တင်ပို့ခွင့် ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့တွေမှာ စက်သုံးဆီ ပြတ်လပ်လာလို့ မတ် ၂ ရက်ကစပြီး ထိုင်းဘက်ခြမ်းမှာ အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ မတ် ၂ ရက် မနက်ကစ မြန်မာဘက်ခြမ်း တာချီလိတ်ကလူတွေ လာရောက်တန်းစီဝယ်ယူတာကြောင့် ညနေ ၆ နာရီလောက်က မယ်ဆိုင်ဓာတ်ဆီဆိုင်မှာ ဆီကုန်သွားတယ်။ ဒီကနေ့ မတ် ၃ ရက် မနက်မှာလည်း မနက် ၆ နာရီကတည်းက လာဝယ်ကြတာ ဓာတ်ဆီဆိုင်မှာ တော်တော်စည်ကားနေတယ်လို့ မယ်ဆိုင်ဒေသခံက ချနယ်လ် ၇ ထိုင်းသတင်းဌာနကို ပြောပါတယ်။
မြန်မာဘက်က ကားတွေ၊ ဆိုင်ကယ်တွေ လာဖြည့်တာ၊ တချို့က ကိုယ့်ကားနဲ့ဆိုင်ကယ်ထဲ ဖြည့်ရုံတင်မကဘူး၊ ဘူးတွေနဲ့ပါ လာဝယ်တော့ အရမ်းရောင်းကောင်းတယ်၊ စောစောကုန်သွားတော့ မယ်ဆိုင်ဒေသခံတွေက စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးရေနဲ့ အမေရိကန်က အီရန်ကိုတိုက်ခိုက်ရာက စတင်ဖြစ်ပွားတဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကနေ စက်သုံးဆီ တင်ပို့ရောင်းချမှုကို မတ် ၂ ရက်ကစပြီး ရပ်ဆိုင်းလိုက်လို့ နယ်စပ်မြို့တွေ ဆီရဖို့ ခက်ခဲတာလို့ ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နဲ့ ရှမ်းပြည်နယ်အရှေ့ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယွန်း၊ မိုင်းဖြတ်မြို့တွေမှာ ဆိုင်ကယ်တစီး ကျပ် ၁၀,၀၀၀ နှုန်း၊ ကားတစီး ကျပ် ၃၀,၀၀၀ ၊ တလီတာ ဘတ် ၂၀၀ တို့နဲ့ ရောင်းချနေကြတယ်လို့ ဆိုပါတယ်။
တာချီလိတ်က ဆီဆိုင်တွေမှာလည်း လိုသလောက်မရဘဲ တဦးလျှင် ဘတ် ၃၀၀ ထက်မပိုသာ ရောင်းချပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်ဒေသခံတယောက်က “ဒီမှာက စက်သုံးဆီ တလီတာ ဘတ် ၂၀၀ နဲ့ ဝယ်နေရပြီ။ ထိုင်းဘက်က ဆီတင်ပို့တာ ရပ်လိုက်တော့ ဆီပြတ်သွားမှာ စိုးရိမ်လို့ အလုအယက် ဝယ်နေကြတာ” လို့ DVB ကို ပြောပါတယ်။
ကျိုင်းတုံမြို့ဒေသခံတယောက်က “ဆီဆိုင်တွေမှာ အလှည့်ကျ ကန့်သတ်ချက်နဲ့ ရောင်းနေကြပြီ။ မနက်ပိုင်း တချိန်၊ နေ့လယ်ပိုင်း တချိန်ပဲ ရောင်းတော့တယ်။ ရောင်းမဲ့အချိန် တန်းစီစောင့်ကြပေါ့” လို့ ပြောပါတယ်။
မြဝတီမြို့မှာတော့ ပုံးအလွတ်နဲ့ လာဝယ်ရင် ရောင်းချမပေးတော့ဘဲ ကားတစီး ကျပ် ၃၀,၀၀၀ ဖိုး၊ ဆိုင်ကယ်တစီး ကျပ် ၁၀,၀၀၀ ဖိုးသာ ရောင်းချပေးတော့တယ်လို့ သိရပါတယ်။
မယ်ဆိုင်ဘက်မှာ ဓာတ်ဆီအလုအယက်ဝယ်ယူနေတာနဲ့ ပတ်သက်ပြီး PPTT ဆီဆိုင်ပိုင်ရှင် Piyaporn Srisamut ကတော့ သူတို့ဆီမှာ ဆီခွဲတမ်းအလုံအလုံလောက်ရှိတယ်၊ လူနာတင် ကားတွေ၊ ကျောင်းကားတွေ နေ့စဉ်ဆီသုံးဖို့ လိုတယ်၊ ဓာတ်ဆီဆိုင်က ဆီသိုလှောင်တယ်ဆိုတဲ့ ကောလာဟလ မယုံကြည်ဖို့၊ ဆီလောကမှာ နှစ်ပေါင်း ၄၀ နေလာတာ ဆီသိုလှောင်ဖို့ စိတ်ကူးမရှိဘူး၊ ဆီမပြတ်လပ်စေရဘူး၊ မတုန်လှုပ်ကြဖို့၊ စိတ်အေးအေးထားကြဖို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ချင်းရိုင်းခရိုင် စွမ်းအင်ဦးစီးဌာနကလည်း ခရိုင်ထဲမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေအနေနဲ့ မိမိကိုယ်ကျိုးအတွက် ဆီသိုလှောင်တာ၊ ဆိုင်ပိတ်ထားတာတွေ မလုပ်ဖို့ ညွှန်ကြားထားပြီး အနီးကပ် စောင့်ကြည့်နေတယ်။ ပြည်သူတွေအနေနဲ့လည်း တုန်လှုပ်ခြင်းမရှိဘဲ စိတ်အေးအေးထားဖို့ မလိုလားအပ်ဘဲ ဆီတွေ ဝယ်ယူသိုလှောင်တာမပြုလုပ်ဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံက ကျားဖြန့်နှိမ်နင်းရေးအတွက် မြန်မာဘက်ခြမ်းကို စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်ထားတာကြာပြီဖြစ်ပြီး အဲဒီအတောတွင်း တာချီလိတ်က စက်ဆီကုန်သည်တွေဟာ လာအိုနိုင်ငံဘက်က ဆီတွေကို မဲခေါင်မြစ်ဘက်ကနေ တင်သွင်းတာ ဖြစ်ပါတယ်။
Source: Thairath / Maesaipress / CH7 News





