
ဧရာဝတီတိုင်းထဲက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စက်သုံးဆီဈေးနှုန်း ရုတ်တရက် ထိုးတက်သွားပြီး လိုသလောက် ဝယ်ယူမရတဲ့အထိ ဖြစ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ အင်္ဂပူ စတဲ့ တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ ကျေးရွာတွေမှာ လက်ရှိ စက်သုံးဆီ တလီတာကို ကျပ် ၈,၅၀၀ အထိ ဈေးတက်လာပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းအထိ စက်သုံးဆီ တလီတာ ကျပ် ၄,၅၀၀ ဝန်းကျင်အထိသာ ဈေးရှိခဲ့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ် ဒေသခံတယောက်က “ဒီဘက်မှာ ဘယ်ဆိုင်ဝယ်ဝယ် ၈,၅၀၀ နဲ့ အထက်မှာပဲ။ များများဝယ်လည်း မရဘူး။ နေ့ချင်း ညချင်း တက်သွားတာ။ ဆီကလည်း လိုချင်သလောက်မရတော့ ဆိုင်ကယ် ကယ်ရီတောင် ခေါက်တိုလေးတွေပဲ ဆွဲနေရတယ်။ အဆင်မပြေဘူး။ ဆီဆိုင်တွေဘက်က ပြောတာကတော့ ဆီက အရင်လိုသလောက်မရတာ တပတ်လောက်ရှိပြီလို့ ပြောတာ” လို့ ပြောပါတယ်။
လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ အင်္ဂပူ စတဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ လက်ရှိ စက်သုံးဆီတလီတာကို ကျပ် ၈,၅၀၀ အထိ ဈေးတက်လာတဲ့အပြင် လိုသလောက်မရ ဖြစ်နေပြီး ရေသန့်ဘူးနဲ့ရောင်းတဲ့ အရပ်ထဲကဆိုင်တွေမှာသာ ဝယ်နေရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ငါးသိုင်းချောင်းမြို့အထွက် ပုသိမ်-မုံရွာလမ်းနဲ့ ငါးသိုင်းချောင်း-ဂွ လမ်းဆုံမှာရှိတဲ့ ရေနံ့သာဂိတ်မှာ ကုန်စည်မှန်သမျှ သယ်လာတာကို သက်ဆိုင်ရာက နေ့တိုင်း စစ်ဆေးပိတ်ပင်နေတာ။ ရခိုင်ရိုးမဘက်ကို ကုန်စည်တွေ မရောက်စေဖို့ တားမြစ်နေတယ်။ ပြည်ပစစ်ပွဲတွေကြောင့်လည်း ဆီမရတာလို့ သိရတယ်” လို့ ပြောပါတယ်။
စစ်တပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူ စတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် လတ်တလောအနေနဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့က အမြောက်တပ်ရင်း ၃၄၄ အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
အစ္စရေးရေနဲ့ အမေရိကန်က အီရန်ကိုတိုက်ခိုက်ရာက စတင်ဖြစ်ပွားတဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကနေ စက်သုံးဆီ တင်ပို့ရောင်းချမှုကို မတ် ၂ ရက်ကစပြီး ရပ်ဆိုင်းလိုက်တာကြောင့် နယ်စပ်မြို့တွေအပါအဝင် မြို့နယ်အချို့မှာ ဆီရဖို့ ခက်ခဲလာတာလို့ သိရပါတယ်။


