
မြန်မာနိုင်ငံတွင်းမှာ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိက အိမ်စီးမော်တော်ယာဉ်တွေကို တရက်ခြား တခါသာ မောင်းနှင်ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
လစဉ်“စုံ” ရက်တွေမှာ ဥပမာ 2A၊ 4A စတဲ့ စုံနံပါတ်လိုင်စင်ပါတဲ့ ပုဂ္ဂလိကယာဉ်တွေသာ မောင်းနှင်နိုင်မှာ ဖြစ်ပြီး၊ “မ” ရက်တွေမှာ 1A, 3A စတဲ့ မနံပါတ်ပါတဲ့ ယာဉ်တွေသာ မောင်းနှင်နိုင်မယ်လို့ စည်းကမ်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ EV မော်တော်ယာဉ်နဲ့ EV ဆိုင်ကယ်တွေကတော့ နေ့စဉ် မောင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ တက္ကစီယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေနဲ့ လူနာတင်ယာဉ်တွေ၊ စည်ပင်အမှိုက်သိမ်းယာဉ်တွေကိုလည်း နေ့စဉ် အသုံးပြုနိုင်တဲ့ယာဉ်တွေအဖြစ် သတ်မှတ်ထားပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အတွက် လောင်စာဆီ တင်သွင်းတဲ့ သင်္ဘောတွေ သွားလာတဲ့ ရေလမ်းကြောင်းတွေမှာ အတားအဆီးတွေ၊ ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့ အခြေအနေကြောင့် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးနဲ့ ဖူလုံမှုရှိစေရေးအတွက် ယာဉ်မောင်းနှင်မှုတွေကို စည်းကမ်းသတ်မှတ်လိုက်တာလို့ စစ်ကောင်စီက ဆိုပါတယ်။
လာမဲ့ မတ် ၇ ရက်က စတင်ပြီး အဲဒီ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ ယာဉ်တွေကို မောင်းနှင် အသုံးပြုရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိကမ္ဘာနိုင်ငံရေး အခြေအနေတွေကြောင့် နယ်စပ်မြို့တွေနဲ့ မြို့ကြီးတွေမှာ မော်တော်ယာဉ်ပိုင်ရှင်တွေဟာ စက်သုံးဆီတန်းစီ ဝယ်ယူနေကြတာ ရှိပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ အများပြည်သူကိုလည်း စက်သုံးဆီတွေကို အလွန်အကျွံ ဝယ်ယူစုဆောင်းတာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေမလုပ်ဖို့ကိုလည်း သတိပေးထားပြီး အဲဒီစည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက်ပါက ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။


