Home
မြန်မာသတင်း
ဘားအံတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီး အချိန်ကန့်သတ်၍ ခွဲတမ်းဖြင့်ရောင်းချ
DVB
·
March 4, 2026

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီး ခွဲတမ်းနဲ့ ရောင်းချနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာမှာကို စိုးရိမ်တယ်လို့ မြို့ခံတွေက‌ ပြောပါတယ်။

မတ် ၃ ရက်ကစပြီး ဘားအံမြို့မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီး အရောင်းဆိုင်တွေက အချိန်အကန့်အသတ်နဲ့ ရောင်းချတာ၊ ခွဲတမ်းနဲ့ ရောင်းချပေးနေတာကြောင့် တန်းစီးဝယ်ယူနေရပါတယ်။

လက်ရှိမှာလည်း ဘားအံမြို့မှာ အရင်က ဓာတ်ဆီ 92 တလီတာ ကျပ် ၃,၂၀၀ ကျော်၊ ဓာတ်ဆီ 95 တလီတာ ကျပ် ၃,၃၀၀ ကျော်၊ ဒီဇယ် တလီတာ ကျပ် ၃,၄၀၀ ကျော်ရှိပြီး အခု စက်သုံးဆီဈေးနှုန်းတွေကို တရားဝင်ကြေညာတာ မရှိပါဘူး။

ဒါ့အပြင် စက်သုံးဆီဝယ်ယူရာမှာ ဆိုင်ကယ်ကို ဆီတိုင်ကီအပြည့် ရောင်းချပေးပြီး ယာဉ်ငယ်တစီးကို ကျပ် ၃၀,၀၀၀ နဲ့ ယာဉ်ကြီးတစီးကို ကျပ် ၅၀,၀၀၀ ဖိုးစီ ရောင်းချပေးနေပါတယ်။

မြို့ခံတယောက်က “အခု လက်ရှိအခြေအနေက မနက် ၈ နာရီကနေ ညနေ ၄ နာရီ ပိတ်တယ်။ အရင်ထက် ပိုပြီးစောပိတ်တယ်။ ပြည်သူတွေမှာ မနေ့တည်းက အလုအယက် တိုးဝယ်ရတယ်။ ဒီလိုပုံစံမျိုးဆို ပြည်သူတွေက ပိုပြီး ဒုက္ခရောက်မယ်။ ဘာဖြစ်လို့လဲဆို ဆီမရလို့ရှိရင် သွားရေးလာရေး ခက်ခဲမယ်။ သွားရလာရတာ တက္ကစီခ ၅,၀၀၀ ဆိုရင် ဈေးတွေ ပိုပြီးတက်မယ်။  ကုန်ဈေးနှုန်းတွေ ပိုပြီး ကြီးမားလာမယ်။ ပြည်သူတွေမှာ ပိုပြီး အခက်အခဲဖြစ်ပြီး ပိုဒုက္ခရောက်တာပေါ့။ ဒီအတိုင်းဆိုရင်တော့ လူတွေက တနေ့ထက်တနေ့ စက်ဘီးတို့ ခြေလျင်သွားရဖို့ပဲ ရှိတယ်။ ရွာက ကုန်ပစ္စည်းထွက်တာတွေ တော်ရုံတန်ရုံ လာနိုင်တော့မှာ မဟုတ်ဘူး။ အဲတော့ သီးနှံဈေးတွေကအစ ကုန်ဈေးနှုန်းတွေ တက်လာမယ်၊ ဒီအတိုင်းဆိုရင်” လို့ ပြောပါတယ်။

ဒါ့အပြင် ဘားအံမြို့နဲ့ မြဝတီ ကုန်သွယ်ရေးလမ်းတလျှောက်မှာ နေပြည်တော်ရဲ့ ညွှန်ကြားချက်နဲ့ ထိုင်းကုန်စည်တွေအပြင် လိုင်စင်မဲ့ယာဉ်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပြီး လက်ရှိမှာလည်း စက်သုံးဆီ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ယာဉ်မောင်းတယောက်က “လိုင်းတွေ ဘယ်လိုဆွဲမလဲဆိုတော့ တဆိုင်ပြီးတဆိုင် သွားပေါ့။‌ အဲလိုပဲ လိုက်ဖြည့်ရတာပေါ့။ အလုပ်ရှုပ်သွားတာပေါ့။ အရင်က တဂါလန်ကို ၁၂,၀၀၀ ပဲ။ အခုက မရတော့ဘူး။ အခုက ၂၀,၀၀၀ လောက် ဖြစ်သွားပြီ။ ဆီဈေးတက်သွားတယ်။ ဖြည့်လို့လည်း မရဘူး။ အဲဒါကြောင့် အခက်အခဲတွေက ဘာရှိလာမလဲဆိုတော့ ဆီအခက်အခဲတွေပေါ့။ အခုကလည်း လမ်းကလည်း သိတဲ့အတိုင်းပဲလေ။ ကားသမားအခက်အခဲက မပြောချင်တော့ဘူး။ ပြောရရင် အများကြီးရှိတာပေါ့။ အခက်အခဲကတော့ ကားသမားတိုင်း ကားသမားတိုင်း ရှိကြတာပဲ။ ဆီတခါတခါထည့်ရင် တန်းစီပြီးသွားရတာ။ ကားတစီးကို ဘယ်လောက် ဘယ်လောက်။ သူတို့သတ်မှတ်ထားတယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း ဘားအံမြို့ရဲ့ စက်သုံးဆီအရောင်းဆိုင်နဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်တပ်နဲ့ ရဲတွေက ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စောင့်ကြည့်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013