Home
မြန်မာသတင်း
စစ်ကောင်စီ၏ စက်သုံးဆီ ချွေတာရေး “စုံ နဲ့ မ” စီမံချက်ကို ပြည်သူများဝေဖန်
DVB
·
March 5, 2026

 

စစ်ကောင်စီရဲ့ စက်သုံးဆီချွေတာရေးစီမံချက်အနေနဲ့ အိမ်စီးကားတွေကို စုံဂဏန်းနဲ့ မဂဏန်း ခွဲခြားကာ သတ်မှတ်ရက်နဲ့ပဲ မောင်းနှင်ခွင့်ပြုတဲ့ ကြေညာချက်ဟာ ပြည်သူတွေကြားမှာ ဝေဖန်ခံနေ ရပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီ တင်သွင်းတဲ့ သင်္ဘောတွေရဲ့ ရေလမ်းကြောင်း သယ်ယူပို့ဆောင်ရေးမှာ ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အိမ်စီးကားတွေကို စုံနဲ့ မ စနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြည်သူတွေက ဝေဖန်နေကြတာပါ။

စက်သုံးဆီ ချွေတာဖို့ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်တွေကို စုံရက်တွေမှာ စုံနံပါတ်အက္ခရာပါ (ဥပမာ 2A /…။  4A/…. ဆို စုံဂဏန်းရက်တွေဖြစ်တဲ့ ၂ ရက် ၄ ရက် ၆ ရက်……၁၂ ရက် ၁၄ ရက် ၁၆ ရက်စသဖြင့်) မရက်တွေမှာ မနံပါတ်အက္ခရာ ( ဥပမာ 1A/….။ 3A/….. ဆို မဂဏန်းရက်တွေဖြစ်တဲ့ ၁ ရက် ၃ ရက် ၅ ရက်….၁၁ ရက် ၁၃ ရက် ၁၅ ရက်…စသဖြင့်) ကို မောင်းနှင်ဖို့ မတ် ၇ ရက်မှာ စတင်မယ်လို့ စစ်ကောင်စီက မတ်လ ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကိုယ်ပိုင်မော်တော်ယာဉ် မောင်းနှင်းသူတယောက်က “ထုတ်ပြန်ချက်ကို တွေ့လိုက်တော့ ဒီတိုင်း သတင်းမှားလို့ ထင်လိုက်တာ။ နောက်ကျမှ တကယ်အတည်ဆိုပြီး တက်လာမှ စစချင်း ရယ်မိ သေးတယ်။ ပြီးတော့မှ တကယ်သာဖြစ်ခဲ့ရင် တော်တော်ကြီးကို အဆင်မပြေဘူးဆိုပြီး တွေးမိတယ်။ ကိုယ့်ကားက စုံကားဆိုတော့ ပထဆုံးရက် သူတို့ ထုတ်ပြန်တာ မ ရက်  ၇ ရက် ဖြစ်နေတော့ အဲဒီမှာတင် ပြဿနာကစပြီ၊ ပြီးတော့ အိမ်မှာ အသက်ကြီးတဲ့မိဘတွေနဲ့နေတော့ မိဘတွေရဲ့ ကျန်းမာရေး ညရေးညတာ ငါတို့ ဘယ်လို လုပ်မလဲ သူတို့ပြောတဲ့ ambulance တွေက ခေါ်လို့ ရတယ်ပဲ ထားဦး၊ အရေးအကြောင်းဆို ကိုယ့်အိမ်က ကားပဲ အနီးဆုံး ဆေးရုံကို ပြေးရမှာလေ၊ သူတို့ လုပ်သမျှ ငါတို့က ခံနေရာမှာပဲ အဲဒါကြီးတွေးမိပြီးတော့လည်း တော်တော်လေး အဆင်မပြေပါဘူး”လို့ ပြောပါတယ်။

ဒီစနစ်မှာ အိမ်စီးယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အကျုံးဝင်တယ် လို့ပါရှိပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်၊ တက္ကစီအငှားယာဉ်၊ စက်သုံးဆီ သယ်ယူ ပို့ဆောင်တဲ့ယာဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည်ပို့ဆောင်ရေးယာဉ်၊ လူနာတင်ယာဉ်/ နိဗ္ဗာန်ယာဉ်နဲ့ အမှိုက်သိမ်းယာဉ်တွေတော့ မပါဝင်ပါဘူး။

ဒါ့အပြင် EV မော်တော်ယာဉ်နဲ့ EV ဆိုင်ကယ်တွေကတော့  နေ့စဉ်မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ နိုင်ငံတွင်း မှတ်ပုံတင်ထားတဲ့ လူစီးယာဉ်အရေအတွက် ၆ သိန်းကျော်ရှိပြီး အဲဒီထဲ ၉၆ ရာခိုင်နှုန်းက ဓာတ်ဆီနဲ့ ဒီဇယ်ဆီသုံး လူစီးယာဉ်(ပုဂ္ဂလိကပိုင်ယာဉ်)တွေဖြစ်ပြီး ကိုယ်ပိုင်ယာဉ်က ၅ သိန်းကျော် ရှိပါတယ်။ ဒီအရေအတွက်ထဲ ခရီးသယ်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေတော့ မပါဝင်ပါဘူး။

ကိုယ်ပိုင်မော်တော်ယာဉ်မောင်းနှင်းသူတယောက်က “အခုလိုကန့်သတ်လိုက်တော့ ကျနော်တို့လို ကိုယ်ပိုင်ကားနဲ့ ရုံးတတ်တဲ့ သူမျိုးတွေ၊ နောက် ကိုယ်ပိုင်ကားနဲ့ ကျောင်းပို့တဲ့သူမျိုးတွေ အဓိက ပြဿနာတက်မှာပေါ့။ ထားပါတော့ မ ကားက မရက်ပဲထွက်ဆိုရင် ကျနော် မ ကား နဲ့အပြင် သွားတယ်ဆိုရင် အဲဒီနေရာမှက ပြန်မလာဖြစ်ဘူးဆို နောက်ရက် အဲဒီ မ ကားနဲ့ ပြန်မလာရဘူး ဆိုတော့ ကျနော်က သက်သက် အချိန်တရက် ပိုကုန်သွားတာပေါ့။ လုပ်တဲ့ဟာက နည်းနည်း မှားနေတယ်လို့ ကျနော် ထင်တယ်။ တကယ်လုပ်ရမှာက ဆီရောင်းတဲ့ရက်ကိုပဲ စုံ ကား မ ကားနဲ့ ခွဲရောင်းလိုက်ရင် ပိုကောင်းတယ်။ ကားတွေက အမြဲသွားနေရမှာပဲလေ။ ဒီဟာမြန်မြန်ပြန်ဖွင့်ပေးဖို့ပဲ တောင်းဆိုချင်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာ အရန်စက်သုံးဆီ ရက် ၄၀ စာရှိနေကြောင်းနဲ့ အရန်စက်သုံးဆီ မရှိတဲ့အတွက် ထုတ်ပြန်ခဲ့ ခြင်း မဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်တဲ့အခြေအနေတွေကို တွက်ဆပြီး ခြိုးခြုံချွေတာရေးအတွက် လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ ဖြတ်သန်းနိုင်ဖို့ ထုတ်ပြန်ခဲ့တာလို့  စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၄ ရက်မှာ ပြောပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013