
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မရိုးတုံးရွာကို မတ် ၄ ရက် ည ၉ နာရီကျော်နဲ့ မတ် ၅ ရက် မနက် ၁၀ နာရီကျော်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မရိုးတုံးရွာသားတယောက်က “ကျနော်တို့ရွာရဲ့ မြောက်ဘက် ချင်ပြစ်ရွာမှာတော့ တိုက်ပွဲဖြစ်တာတွေရှိတာပေါ့နော်။ ကျနော်တို့ရွာမှာတော့ ဘာတိုက်ပွဲမှမရှိဘဲ ဗုံးသီး ၂ လုံး လာကြဲချသွားတာ။ အဲလိုကြဲချလို့ အမျိုးသားတဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးတယ်။ ဒါ့အပြင် ဝက်တကောင်၊ နွား ၂ ကောင်နဲ့ လူနေအိမ်တွေလည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ပြီး မတ် ၅ ရက်အထိ နေ့စဉ် လေကြောင်းတိုက်ခိုက်နေတယ်လို့ လည်း ဆိုပါတယ်။
မုံသွင်ရွာသားတယောက်က “ကျနော်တို့ မုံသွင်ရွာကတော့ ဘုန်းကြီးကျောင်းအနီးက လူနေအိမ်ပေါ် စက်တပ် လေထီးနဲ့ ဗုံးကြဲချလို့ အိမ်မီးလောင်နေတယ်ဗျ။ အခြားအိမ်တွေလည်း မီးကူးဆက် လောင် နေတာတွေလည်းရှိတယ်။ ကနဦး ဗုံးသီးကျတဲ့အိမ်ကတော့ မီးလောင်ပြာကျသွားပြီ။ အခြားအိမ် တွေကတော့ ရွာသားတွေ စစ်ရှောင်ရာကနေ ပြေးပြီး ငြှိမ်းသတ်နေကြရတယ်။ နောက်ပြီး ဗုံးသီးကြဲချလို့ ဝက် ၄ ကောင် သေဆုံးရတယ်။ လူတွေကတော့ စစ်ရှောင်နေကြလို့ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။
မုံသွင်ရွာနဲ့ မရိုးတုံးရွာတွေကို မုံရွာအခြေစိုက် နမခ စစ်တပ်အတွင်းကနေတက်လာတဲ့ စက်တပ် လေထီးယာဉ်တွေနဲ့ မီးလောင်ဗုံး လာကြဲချခဲ့တာလို့ ဆိုပါတယ်။


