
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ် ၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိသလို သေနတ်တလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People’s Defence Force တပ်ဖွဲ့ဆီကနေ သိရပါတယ်။
Earthquake People’s Defence Force ရဲ့ ပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံက “ကိုးပင်ရွာနားမှာ ပခုက္ကူ တပ်မ ၁၀၁ ကနေ စစ်ကား ၃ စီးနဲ့ အင်အား ခန့်မှန်း ၃၀ လောက်က လမ်းသွားလမ်းလာ ပြည်သူတွေကို ရှောင်တခင် စစ်ဆေးသလိုနဲ့ ဆက်ကြေးကောက်နေတဲ့နေရာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ အထိုင်ဂိတ်ဖွင့်ထားတဲ့နေရာ မဟုတ်ပါဘူး။ ၃ ယောက်ကတော့ နေရာမှာတင်သေပြီး ၂ ယောက် ဒဏ်ရာရလို့ ကားတွေနဲ့တင်ပြီး ပြန်ဆုတ်သွားကြတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းကနေ MA3 သေနတ်တလက်လည်း သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။
Burma Revolution Rangers အဖွဲ့ခေါင်းဆောင် ကိုကာတွန်းက “သူတို့ဘက်က ပြန်ဆုတ်သွားလို့ အဲဒီနေရာကို နယ်မြေရှင်းလင်းရေး ဝင်တဲ့အခါမှာ အဲဒီ MA3 သေနတ်ကို သိမ်းဆည်းရရှိခဲ့တာပါ။ ကြောက်အားလန့်အားနဲ့ ပြန်ဆုတ်တဲ့အချိန် ကျန်နေခဲ့တာလို့တော့ ယူဆရပါတယ်။ တိုက်ခိုက်မှုပြီးတော့ သူတို့ဘက်က ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြပါတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Earthquake People’s Defence Force (ပခုက္ကူခရိုင် Local တပ်ရင်း)၊ Burma Revolution Rangers၊ မြိုင်မြို့နယ် ပကဖ၊ Good Brothers အဖွဲ့နဲ့ မကွေး (KG) အဖွဲ့တွေက တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့လည်း သူက ဆက်ပြောပါတယ်။
အခုရက်ပိုင်းမှာ ပခုက္ကူမြို့နယ်အတွင်း စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်လာနေသလို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲမှာလည်း ကပစ ၂၄ ကို ရိက္ခာပို့မဲ့ ယာဥ်တန်းတွေ ပြင်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းရန်အန္တရာယ်တွေကို သတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


