
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တကိုယ်တော် ဓားပြတိုက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တယောက်ကို မတ် ၁ ရက် မနက် ၁ နာရီဝန်းကျင်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မြောက်လူးကန်ရွာ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချ တပ်စွဲထားတဲ့အထဲမှာ ပါတဲ့သူပါ။ အဲဒီရွာထဲက အိမ်တွေ မကြာခဏ ဓားပြတိုက်ခံနေရတယ်ဆိုတာ သတင်းရနေလို့ ကင်းပုန်းဝပ်ပြီး စောင့်ရင်း ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အရှင်ဖမ်းဆီးရမိသူဟာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့က တပ်သားအဆင့်ရှိသူ သူရအောင်(ခ)ကော့သောင်းသားလေး ဖြစ်ပြီး သူနဲ့အတူ G3 သေနတ်တလက်၊ ကျည် ၂၇၈ တောင့်၊ 9 mm ကျည် ၂၂ တောင့်နဲ့ လက်ပစ်ဗုံးတလုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “အဲဒီရဲဓားပြက ရွာထဲမှာရှိတဲ့ အိမ်တအိမ်ကို ဓားပြဝင်တိုက်တော့ အိမ်ပိုင်ရှင် အမျိုးသမီးက အော်ပြီး အကူအညီတောင်းတာနဲ့ပဲ ထွက်ပြေးရင်း ကျနော်တို့ရဲဘော်တွေရဲ့ ကင်းပုန်းနဲ့ ရွာရဲ့ အရှေ့တောင်ဘက်နားလောက်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့တာပါ။ အဲဒီကောင် ပစ်လိုက်တဲ့ကျည်က အဲဒီ အိမ်ရှင်အမျိုးသမီးရဲ့ ခြေထောက်ကို မှန်လို့ ဆေးကုနေရတယ်။ သူ့ကိုမိတဲ့နေရာကလည်း သူတို့ အထိုင်ချနေတဲ့ ဘုန်းကြီးကျောင်းနဲ့က မီတာ ၃၅၀ လောက်ပဲ ဝေးတော့ သူတို့ဘက်က စစ်ကူတွေ ရောက်လာတာနဲ့ပဲ တခါတည်း ဖမ်းခေါ်လာပြီး ပြန်ဆုတ်လာခဲ့ကြတာပါ။ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ လက်ရှိမှာတော့ သူ့ကို စစ်ဆေးနေပြီးတော့ ကနဦး စစ်ဆေးပေါ်ပေါက်ချက်တွေအရ သူက ဓားပြမှု ၈ ကြိမ်ထက်မနည်း ကျူးလွန်ထားတယ်။ အဲဒီ ဓားပြမှုတွေကနေ ရွှေဆွဲကြိုးတကုံး၊ ရွှေလက်စွပ်တကွင်း၊ ဖုန်း ၈ လုံးနဲ့ ပိုက်ဆံ ၃၀,၀၀၀ ရထားတယ်လို့ ထွက်ဆိုထားတယ်” လို့ DVB ကို ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း ဓားပြမှုတွေ ကျူးလွန်ထားတဲ့ ရဲတပ်သား သူရအောင်(ခ)ကော့သောင်းသားလေးကို စစ်သုံ့ပန်းဥပဒေအပြင် ကျူးလွန်ထားတဲ့ ပြစ်မှုတွေအလိုက်လည်း ထပ်မံအရေးယူ ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
ပခုက္ကူမြို့နယ်ထဲမှာ မြောက်လူးကန်ကျေးရွာ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချ တပ်စွဲထားတဲ့ ကျေးရွာတွေမှာ ဓားပြမှုတွေနဲ့ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေလို့ ဒေသခံပြည်သူတွေ အနေနဲ့လည်း သတိနဲ့နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


