Home
နိုင်ငံတကာ
ဆိုက်ပရပ်စ်ရှိ ဗြိတိန်လေတပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း စိုးရိမ်မှုမြင့်တက်
DVB
·
March 4, 2026
Photo: Reuters

အရှေ့မြေထဲပင်လယ်ဒေသရှိ ဆိုက်ပရပ်စ်ကျွန်းနိုင်ငံရဲ့ တောင်ဘက်အကျဆုံး အက်ကရိုတိရိ ကျွန်းဆွယ်ရှိ ဗြိတိန်တော်ဝင်လေတပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေး တင်းကျပ်ထားပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ဆိုက်ပရပ်စ်နိုင်ငံဟာ အီရန်နဲ့ဆက်နွှယ်တဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခတွေ ကြားထဲမှာ ထိခိုက်ခံရမှာကို စိုးရိမ်မှုတွေ တိုးနေပါတယ်။

ဒီတိုက်ခိုက်မှုဟာ မတ် ၂ ရက် သန်းခေါင်ယံအချိန် မနက်အစောပိုင်းက ဗြိတိန်တော်ဝင်လေတပ် စခန်းကို အီရန်လုပ် ရှာဟဒ်ဒရုန်းတစင်း တိုက်ခိုက်ခဲ့လို့ လေယာဉ်ပြေးလမ်းတစိတ်တပိုင်းကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူသေဆုံးထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ဆိုက်ပရပ်စ်အရာရှိတွေရဲ့ အဆိုအရ ဒီဒရုန်းဟာ လက်ဘနွန်နိုင်ငံဘက်ကနေ ဟစ်ဇ်ဘိုလာအဖွဲ့က ပစ်ခတ်လိုက်တာဖြစ်ပြီး ရေဒီယိုလှိုင်းတွေကို ရှောင်ကွင်းနိုင်ဖို့ အလွန်နိမ့်တဲ့အမြင့်ကနေ ပျံသန်းလာခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် တနေ့တည်းမှာပဲ အက်ကရိုတိရိကိုပဲ ဦးတည်လာတဲ့ နောက်ထပ် ဒရုန်း ၂ စင်းကို ထပ်မံတွေ့ရှိခဲ့ပြီး သတိပေးသံတွေ မြည်လာခဲ့ကာ လေယာဉ်တွေ ပျံတက် တုံ့ပြန်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ လေယာဉ်တွေနဲ့ ကြားဖြတ်ဟန့်တားနိုင်ခဲ့လို့ ထိခိုက်မှုမရှိခဲ့ပါဘူး။

လက်ရှိမှာတော့ တိုက်ခိုက်မှုဖြစ်ပွားရာ အက်ကရိုတိရိ အခြေစိုက်စခန်းအနီးက ကျေးရွာဒေသခံတွေကို ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်းပေးထားပါတယ်။

မတ် ၃ ရက်မှာတော့ အခြေအနေ ပြန်ငြိမ်သက်နေပြီလို့ မြို့တော်ဝန်က ပြောပေမဲ့ ဒေသခံတွေကြားမှာတော့ စိုးရိမ်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဒေသတွင်း တင်းမာမှု မြင့်တက်လာနေချိန်မှာ မဟာမိတ်နိုင်ငံတွေကလည်း အလျင်အမြန် တုံ့ပြန်လာကြပါတယ်။

ပြင်သစ်နိုင်ငံက ဆိုက်ပရပ်စ်ကို ဒရုန်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့ဖို့ စီစဉ်နေသလို ဂရိနိုင်ငံကလည်း စစ်သင်္ဘော ၂ စင်းနဲ့ F-16 တိုက်လေယာဉ် ၄ စင်းကို ကာကွယ်ရေးအတွက် ချက်ချင်းစေလွှတ်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ဗြိတိန်အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရတာကို လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ တိုက်ခိုက်ရေး အစီအစဉ်တွေအတွက် အခြေစိုက်စခန်း အသုံးပြုခွင့်ကို လက်ခံထားကြောင်း ပြောထားပါတယ်။

ဒီ အက်ကရိုတိရိစခန်းဟာ ၁၉၆၀ ပြည့်နှစ်ကတည်းက ဗြိတိန်က ဆက်လက်ထိန်းသိမ်းထားတဲ့ အရေးပါတဲ့ စစ်ဗျူဟာမြောက်စခန်းတခုဖြစ်ပြီး အခုလို တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း စစ်မီး ကူးစက်လာမှာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013