
တောင်ကိုရီးယား အရပ်သားပြည်သူ ၃ ယောက်ဟာ မြောက်ကိုရီးယားနိုင်ငံ ပိုင်နက်ထဲကို ဒရုန်းတွေနဲ့ ၄ ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက် ပျံသန်းခဲ့တာကြောင့် ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချောင်ဒုံးယောင်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ဖော်ပြောပါတယ်။
ဝန်ကြီး ချောင်ဒုံးယောင်ရဲ့ ပြောကြားချက်အရ အဲဒီအရပ်သား ၃ ယောက်ဟာ သမ္မတသစ် အီဂျယ်မြောင် ရာထူးတက်လာပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလကနေ အခုနှစ် ဇန်နဝါရီလအတွင်းမှာ ဒရုန်းတွေကို ၄ ကြိမ်တိုင်တိုင် လွှတ်တင်ခဲ့တာ ဖြစ်ကြောင်း စစ်ဘက်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်း စုံစမ်းစစ်ဆေးမှုတွေကို ကိုးကား ပြောပါတယ်။
အဲဒီဒရုန်းတွေထဲက ၂ စင်းဟာ မြောက်ကိုရီးယားပိုင်နက်ထဲမှာ ပျက်ကျခဲ့ပြီး ကျန် ၂ စင်းကတော့ ဂယ်ဆုန်းမြို့ပေါ်ကနေ ဖြတ်ကျော်ပျံသန်းပြီးနောက် တောင်ကိုရီးယားနိုင်ငံ ပါးဂျူးမြို့ကို ပြန်လည်ရောက်ရှိခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက မြောက်ကိုရီးယားဘက်ကို တရားဝင် တောင်းပန်စကား ပြောကြားခဲ့သလို အစိုးရအနေနဲ့လည်း ဒါကို အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက အခုဖြစ်စဉ်မှာ ပါဝင်တဲ့ အရပ်သားတွေကို လေကြောင်းလုံခြုံရေးဥပဒေ ချိုးဖောက်မှု၊ ရန်သူကို အားပေးကူညီမှုတွေနဲ့ စုံစမ်းစစ်ဆေးနေသလို စစ်ဘက်ထောက်လှမ်းရေးနဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့က အရာရှိတချို့လည်း ပါဝင်ပတ်သက်နေမှု ရှိ၊ မရှိကိုလည်း စစ်ဆေးနေပါတယ်။
“ရန်သူကို အားပေးကူညီမှု” ဆိုတဲ့ ပြစ်မှုဟာ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ တသက်တကျွန်းအထိ ကျခံရနိုင်တဲ့ ပြစ်ဒဏ်မျိုးဖြစ်ပြီး နောက်နောင် အလားတူဖြစ်ရပ်မျိုး မဖြစ်ရအောင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဝန်ကြီးက သတိပေးခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံ ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တောင်ကိုရီးယားကို တိုက်တွန်းထားပြီး ရန်စမှုတွေ ထပ်ရှိလာရင် ကြောက်လန့်စရာ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဝန်ကြီး ချောင်ဒုံးယောင်ဟာ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုး အစိုးရလက်ထက်မှာ မြောက်ကိုရီးယားရှိ အရေးကြီးနေရာတွေဖြစ်တဲ့ ပြုံယမ်းမြို့တော်၊ အလုပ်သမားပါတီရုံးချုပ်၊ အစိုးရအဆောက်အအုံတွေနဲ့ လေကြောင်းပိုင်နက်အပြင် ဝန်းဆန်း၊ နမ်ဖိုနဲ့ ဂယ်ဆုန်း ဒေသတွေဆီ ဒရုန်း ၁၈ စင်းကို စုစုပေါင်း ၁၁ ကြိမ် ပို့လွှတ်ခဲ့တာကို နောင်တရကြောင်း ဖော်ပြခဲ့ပြီး ဒါဟာ “တောင်ကိုရီးယားကို တိုက်ခိုက်မှုဖြစ်ပေါ်အောင် လှုံ့ဆော်တဲ့ အလွန်အန္တရာယ်များတဲ့လုပ်ရပ်” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား အစိုးရရှေ့နေတွေဟာ ၂၀၂၅ ခုနှစ် ဧပြီလမှာ ရာထူးက ဖယ်ရှားခံခဲ့ရသူ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို ရန်သူနိုင်ငံကို အကူအညီပေးမှု အပါအဝင် စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။
သူတို့က သမ္မတဟောင်း ယွန်းနဲ့ သူ့ရဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးတွေဟာ တင်းမာမှုတွေ မြင့်တက်လာစေဖို့နဲ့ သူ့ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို တရားမျှတစေဖို့အတွက် မြောက်ကိုရီးယားထဲကို လျှို့ဝှက်ဒရုန်းစစ်ဆင်ရေးတခု အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
သေဒဏ်ချမှတ်ခံရနိုင်တဲ့ သမ္မတဟောင်း ယွန်းကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သမ္မတဟောင်းအပေါ် နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်ကို ဆိုးလ် ဗဟိုခရိုင်တရားရုံးက ဖေဖော်ဝါရီ ၁၉ ရက်မှာ စီရင်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
Source: Reuters


