
မြောက်ကိုရီးယားနိုင်ငံမှာ အခုလအတွင်း နဝမအကြိမ်မြောက် ပါတီကွန်ဂရက်ကို ကျင်းပမှာဖြစ်ပြီး ဒါဟာ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အာဏာအပြည့်အဝဆုပ်ကိုင်မှုနဲ့ ပြည်တွင်းမှာ ကြင်နာတတ်တဲ့ ခေါင်းဆောင်တယောက် အဖြစ်ရော ကမ္ဘာ့အဆင့်မီ စစ်တပ်အကြီးအကဲအဖြစ်ပါ သူ့ပုံရိပ်ကိုပြဖို့ ရည်ရွယ်တဲ့ အဓိကနိုင်ငံရေး လုပ်ငန်းစဉ် တရပ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ပါတီကွန်ဂရက်ကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဖွင့်လှစ်ဖို့ မျှော်လင့်ရပြီး ရက်စွဲအတိအကျကို မဖော်ပြသေးပါဘူး။
ဒီအစည်းအဝေးမှာ လက်ရှိ ၅ နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးမှုအပေါ် ဆုံးဖြတ်ချက်ချပြီး အနာဂတ်ဦးစားပေးမှုတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။
၂၀၂၁ ကွန်ဂရက်မှာတုန်းက ကင်မ်က အရင်စီးပွားရေးအစီအစဉ်ဟာ ကဏ္ဍတိုင်းနီးပါးမှာ မအောင်မြင်ခဲ့ဘဲ စားသုံးသူကုန်ပစ္စည်း ထောက်ပံ့မှုကို တိုးမြှင့်ဖို့ စိုက်ပျိုးရေးနဲ့ အပေါ့စား စက်မှုလုပ်ငန်းကို အားကောင်းအောင် ကြိုးစားနေချိန်မှာ အကြီးစား စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
နောက်ထပ် စုဝေးပွဲ နီးကပ်လာတာနဲ့အမျှ မြောက်ကိုရီးယားအစိုးရဟာ ကင်မ် ဦးဆောင်တဲ့ အုပ်ချုပ်ရေးလမ်းကြောင်းကို ပိုရှင်းရှင်းလင်းလင်း မြှင့်တင်ဖို့ ကွန်ဂရက်ကို သုံးမယ်လို့ မျှော်လင့်တဲ့ အကြောင်း အမျိုးသားထောက်လှမ်းရေးဌာန (NIS) ကနေ လမ်းညွှန်မှုခံယူခဲ့တဲ့ တောင်ကိုရီးယား အမတ်တွေက ပြောပါတယ်။
နိုင်ငံရေးထိန်းချုပ်မှုနဲ့ နိုင်ငံ့အရှိန်အဟုန်ကို အားဖြည့်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပြည်တွင်း သတင်းစကားတွေနဲ့ နျူကလီးယားတပ်ဖွဲ့ ဆက်လက်တည်ဆောက်ခြင်းကို တွဲဖက် လုပ်ဆောင်သွားမယ်လို့လည်း သူတို့က ပြောပါတယ်။
မြောက်ကိုရီးယား အစိုးရအတွက် ပါတီကွန်ဂရက်ဟာ နိုင်ငံရဲ့ အကြီးမားဆုံး ပြည်တွင်းနိုင်ငံရေး ဇာတ်ခုံဖြစ်ပြီး အထက်တန်းလွှာတွေအကြား စည်းလုံးညီညွတ်မှုကိုပြဖို့၊ အကြီးတန်းပုဂ္ဂိုလ်တွေကို ရာထူးတိုးမြှင့်ဖို့ ဒါမှမဟုတ် ပြန်ခန့်အပ်ဖို့နဲ့ မူဝါဒလမ်းညွှန်ချက်ကို စည်းကမ်းရှိပြီး မလွဲမသွေ ဖြစ်လာမဲ့ အရာအဖြစ် သတ်မှတ်ဖို့ အခွင့်အရေးတခုပါ။
မြောက်ကိုရီးယားပြင်ပမှာ ကင်မ်ဟာ စီးပွားရေး စီမံခန့်ခွဲမှု၊ လက်နက်ဖွံ့ဖြိုးတိုးတက်ရေး ဒါမှမဟုတ် ၂ မျိုးလုံး ရောနှောမှုကို အလေးပေးမလားဆိုတဲ့ အရိပ်အမြွက်တွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။
Source: Reuters


