
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သမီးဖြစ်သူ ကင်မ်ဂျူအဲကို သူ့ရဲ့ အမွေဆက်ခံမယ့်သူအဖြစ် အခိုင်အမာ လုပ်ဆောင်နေပြီး မူဝါဒရေးရာကိစ္စရပ်တွေမှာ သမီးဖြစ်သူက ပါဝင်ပတ်သက်နေတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ရဲ့ အစီရင်ခံချက်ကို ကိုးကားပြီး တောင်ကိုရီးယား လွှတ်တော်အမတ်တွေက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီဟာ အာဏာရ အလုပ်သမားပါတီရဲ့ မကြာခင် ကျင်းပမဲ့ အစည်းအဝေးကို ကင်မ်ဂျုံအန်းရဲ့သမီး ကင်မ်ဂျူအဲ တက်ရောက်ဖို့ ရှိ မရှိနဲ့ တရားဝင် ရာထူးတခုခု ပေးအပ်ခြင်း ရှိ၊ မရှိ အပါအဝင် သူ့ကို ဘယ်လိုမိတ်ဆက်တင်ပြသွားမယ် ဆိုတာတွေကို အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်လောက် ယူဆရတဲ့ ကင်မ်ဂျူအဲဟာ ဖခင်ဖြစ်သူ ကင်မ်ဂျုံအန်းနဲ့အတူ လက်နက်စီမံကိန်းတွေကို စစ်ဆေးမှုတွေအပြင် ကွင်းဆင်းကြည့်ရှုမှု တော်တော်များများမှာ လိုက်ပါလာပုံကို နိုင်ငံပိုင်မီဒီယာတွေမှာ ထင်ထင်ရှားရှား တွေ့မြင်လာရပြီး လေ့လာသုံးသပ်သူတွေကတော့ သူ့ကို နိုင်ငံရဲ့ စတုတ္ထမျိုးဆက်ခေါင်းဆောင်အဖြစ် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ထင်ကြေးပေးနေကြပါတယ်။
တောင်ကိုရီးယားလွှတ်တော် ထောက်လှမ်းရေးကော်မတီဝင် အီဆုန်းဂွမ်းက ကင်မ်ဂျုံအန်းရဲ့ သမီးဖြစ်သူရဲ့ တည်ရှိမှုအားလုံးကို ထည့်စဉ်းစားကြည့်ရင် ပြည်တွင်းမှာ ထင်ထင်ပေါ်ပေါ် ပိုဖြစ်လာပြီးတော့ ကင်မ်ဂျူအဲဟာ လုပ်ငန်းခွင်စစ်ဆေးမှုတွေအတွင်းမှာ မူဝါဒတချို့အပေါ် တိုက်ရိုက် ထင်မြင်ချက်တွေကို ပေးလာပြီးတော့ သူ့ကိုလည်း အရင်ကလို လေ့လာသင်ယူဆဲအဆင့်လို့ မသုံးနှုန်းတော့ဘဲ “အတွင်းပိုင်း အမွေခံအဖြစ် လျာထားခံရတဲ့အဆင့်” ဆိုပြီး အသုံးအနှုန်းဟာ ထူးခြားမှု ရှိနေပြီလို့ သုံးသပ်ထားပါတယ်။
လေ့လာသူတွေက ကင်မ်ဂျုံအန်းရဲ့ သမီးဟာ နိုင်ငံရဲ့ စတုတ္ထမြောက်ခေါင်းဆောင် ဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ယူဆနေကြပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းအထိ သယ်ဆောင်နိုင်တဲ့ တန်ချိန် ၈,၇၀၀ ရှိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကြီးတစင်းကို တည်ဆောက်ဖို့ ညွှန်ကြားနေတယ်လို့လည်း ထောက်လှမ်းရေးဆိုင်ရာ လွှတ်တော်အမတ် ဘတ်ဆွန်းဝန်က ပြောပါတယ်။
Source: Reuters


