
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မကြာသေးမီက ဖွင့်ခဲ့တဲ့ မွေးမြူရေးခြံဆီ သွားရောက်လည်ပတ်ရင်း ဒိန်ခဲကို မြည်းစမ်းခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က ဖေဖော်ဝါရီ ၃ ရက်မှာ ဖော်ပြပါတယ်။
အဓိကပါတီညီလာခံမတိုင်မီ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုကို ပြသခဲ့တာလို့ ဆိုပါတယ်။
KRT က ထုတ်လွှင့်တဲ့ဗီဒီယိုထဲမှာ ကင်မ်ဂျုံအန်းဟာ အရာရှိတွေနဲ့အတူ နို့ထွက်ပစ္စည်းစက်ရုံ တခုကို လှည့်လည်ကြည့်ရှုရင်း ဒေသထွက်ဒိန်ခဲကို မြည်းစမ်းပြီး နွားကလေးတကောင်ကို ပွတ်သပ်နေတာကို ပြသထားပါတယ်။ မွေးမြူရေးခြံ ဖွင့်ပွဲအခမ်းအနားမှာလည်း မိန့်ခွန်းပြောခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်မြောက်ဘက် အစွန်ဆုံးက မြောက်ဖြောင်းဂန်ပြည်နယ်မှာ ဖေဖော်ဝါရီ ၂ ရက်က ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး အခုကျေးလက်မြို့ဟာ ခေတ်မီအိမ်တွေ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ ဆေးရုံနဲ့ မူကြိုကျောင်းအပြင် မွေးမြူရေးအဆောက်အအုံတွေပါ ရှိနေပြီလို့ နိုင်ငံပိုင်မီဒီယာ က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ကျေးလက်ဒေသတွေကို အခြေခံကျကျ ပြောင်းဖို့ ကြိုးပမ်းမယ်လို့ ကင်မ်ဂျုံအန်းက မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့အကြောင်း မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ အဓိကမူဝါဒရည်မှန်းချက်တွေ ချမှတ်ဖို့ အာဏာရအလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက်ပါတီကွန်ဂရက်ကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
Source: Reuters


