
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဇန်နဝါရီ ၂၇ ရက်က ဒုံးကျည်အများအပြားကို တချိန်တည်း တပြိုင်တည်း ပစ်လွှတ်နိုင်တဲ့ ပြောင်းဝအကြီးစား လက်နက်စနစ် စမ်းသပ်မှုကို ကိုယ်တိုင် ကြီးကြပ် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် KRT ရုပ်သံက ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ သမီးဖြစ်သူ ကင်မ်ဂျူအဲနဲ့အတူ စမ်းသပ်ပစ်ခတ်မှုကို စောင့်ကြည့်နေကြောင်း KCNA က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။
အခုစမ်းသပ်မှုဟာ အဲဒီလက်နက်စနစ်ရဲ့ တိုက်ခိုက်နိုင်စွမ်း၊ ရွေ့လျားနိုင်မှုနဲ့ ပစ်မှတ်တိကျမှုတို့မှာ သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ကင်မ်ဂျုံအန်းရဲ့ ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အာဏာရ အလုပ်သမားပါတီရဲ့ လာမဲ့ ကွန်ဂရက်ညီလာခံမှာ နိုင်ငံရဲ့ နျူကလီးယားစစ်ပွဲ တားဆီးရေးစွမ်းအားကို ပိုမိုခိုင်မာစေမဲ့ နောက်ထပ်အဆင့် အစီအစဉ်တွေကို ထုတ်ဖော်ကြေညာသွားမယ်လို့ ကင်မ်က ပြောကြားခဲ့ကြောင်းလည်း KRT က ဖော်ပြပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ ဇန်နဝါရီ ၂၇ ရက်မှာ မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်း အပြင်ဘက် ပင်လယ်ပြင်ထဲ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်ခြေရှိတဲ့ လက်နက်တွေ ပစ်လွှတ်ခဲ့မှုကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေးကို တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို ဆက်လက် ဆန့်ကျင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Source: Reuters


