
ဝါရှင်တန်နဲ့ ဆိုးလ်တို့ဟာ ပြုံယမ်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ ကာကွယ်ရေးရပ်တည်ချက်ကို ပြောင်းလဲဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာပဲ ဇန်နဝါရီ ၂၇ ရက်က မြောက်ကိုရီးယားဟာ ပင်လယ်ဘက်ကို တာတိုပစ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့က ပြောပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ပြင်ထဲကို ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
ဒုံးကျည်တွေကို မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းအနီးရှိ ဧရိယာတခုကနေ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၅၀ မိနစ်လောက်မှာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ဘက်ကို ပစ်လွှတ်ခဲ့ပြီး ဒုံးကျည်တွေဟာ ၃၅၀ ကီလိုမီတာလောက် ပျံသန်းခဲ့ပြီးကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ ရုံးခန်းက ပြောပါတယ်။
တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာနကတော့ အခုလုပ်ရပ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခြင်းဖြစ်ပြီး ရန်စတဲ့လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချကာ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဂျပန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကလည်း မြောက်ကိုရီးယားကနေ ပစ်လွှတ်လိုက်တာဟာ ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်တယ်လို့ ထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက် မိနစ်အနည်းငယ်အတွင်း ဂျပန်ပင်လယ်ပြင်ထဲကို ကျဆင်းသွားတယ်လို့ သီးခြားထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်ရဲ့ အဆိုအရ ဒုံးကျည်တွေဟာ အမြင့်ဆုံး အမြင့် ၈၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်။ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ကတော့ ဒုံးကျည်တွေဟာ ဂျပန်နိုင်ငံအပေါ် သက်ရောက်မှု မရှိကြောင်း ပြောဆိုပါတယ်။
မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်တွေကို အကြိမ်ကြိမ် ပစ်လွှတ်နေတာဟာ ဂျပန်နိုင်ငံနဲ့ ဒေသတွင်း လုံခြုံရေးအပြင် နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့အတွက် မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်ကာကွယ်ရေးဌာနက အဆင့်မြင့်အရာရှိတယောက် ဆိုးလ်ကို ရောက်ရှိနေပြီး ၂ နိုင်ငံ စစ်ရေးမဟာမိတ် ခေတ်မီတိုးတက်ရေးနဲ့ ကာကွယ်ရေးကဏ္ဍ ပြောင်းလဲမှုတွေကို ဆွေးနွေးနေချိန်လည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက်တိုက်အတွက် အဓိကကျတဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ်မှာ ရုရှားနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ကာကွယ်ရေးစာချုပ်အရ သူတို့ရဲ့လက်နက်တွေကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေမှုအပေါ် နိုင်ငံတကာက စောင့်ကြည့်မှုတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။
Source: Reuters


