Home
နိုင်ငံတကာ
မင်နီယာပိုလစ် ပစ်ခတ်မှု စုံစမ်းစစ်ဆေးရန် ဂျာမနီ တောင်းဆို
DVB
·
January 27, 2026
Photo: Reuters

ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ်မားဇ်က အမေရိကန်ပြည်ထောင်စုမှာ အင်အားသုံးမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး မင်နီယာပိုလစ်မြို့မှာ လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေက နိုင်ငံသားတယောက်ကို မကြာသေးမီက သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ ဇန်နဝါရီ ၂၆ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်အာဏာပိုင်တွေက အခုကိစ္စမှာ ပစ်ခတ်ဖို့ လိုမလို ဆိုတာကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ မျှော်လင့်ပါတယ်လို့ မားဇ်က ဟမ်းဘတ်မြို့မှာ ကျင်းပတဲ့ မြောက်ပင်လယ် ထိပ်သီးအစည်းအဝေးလို့ခေါ်တဲ့ စွမ်းအင်ညီလာခံမှာ ပြောခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ ဒီအကြမ်းဖက်မှုအဆင့်က စိုးရိမ်စရာကောင်းတယ်လို့ ကျနော်ထင်တယ်” လို့လည်း သူက ထပ်လောင်းပြောခဲ့ပါတယ်။

ထိပ်တန်း နယ်စပ်ကင်းလှည့်အရာရှိ ဂရီဂိုရီ ဘိုဗီနိုနဲ့ သူ့ရဲ့လူတချို့ အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့ကနေ မကြာခင် ထွက်သွားဖို့ မျှော်လင့်ရတယ်လို့ သတင်းရင်းမြစ်တွေက CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

ပြည်တွင်းလုံခြုံရေးဌာနကလည်း ဘိုဗီနိုရဲ့ လူမှုမီဒီယာအကောင့်တွေကို ဝင်ရောက်ခွင့် ဆိုင်းငံ့ထားတယ်လို့ သတင်းရင်းမြစ်တခုက CNN ကို ပြောပါတယ်။

စနေနေ့က ထိပ်တိုက်တွေ့ချိန်မှာ အေးဂျင့်တယောက်က အထူးကြပ်မတ်ကုသဆောင် (ICU) က သူနာပြု အဲလက်စ် ပရစ်တီကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လို့ အကြောင်းပြပြီး ပစ်ခတ်ခဲ့တာပါ။

ဒီပြောဆိုချက်ကို သက်သေပြဖို့ အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ပေးဖို့ ပြည်ထောင်စု အရာရှိတွေက ငြင်းဆိုခဲ့ပါတယ်။

သီတင်းပတ်ကုန်ရက်မှာ ဘိုဗီနိုက ICU သူနာပြုကို ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ X လူမှုကွန်ရက်ပေါ်က ပို့စ်တွေကို တုံ့ပြန်ရင်း ဥပဒေပြုအမတ်တွေ တခြားသူတွေနဲ့ အွန်လိုင်းပေါ်မှာ စကားများခဲ့ပါတယ်။

လူမှုမီဒီယာပေါ်မှာ မကြာသေးမီက တင်ခဲ့တဲ့ ပို့စ်တွေထဲမှာ ဘိုဗီနိုက သူနာပြုဟာ အသတ်မခံရမီ ပြည်ထောင်စုဥပဒေစိုးမိုးရေး အရာရှိတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပေမဲ့ သူနာပြု သေဆုံးချိန်မတိုင်မီ အခိုက်အတန့်တွေရဲ့ ဗီဒီယိုထဲမှာတော့ သူပြောသလို မဟုတ်နေဘူးလို့ CNN သတင်းဌာနက ဖော်ပြပါတယ်။

မင်နီယာပိုလစ် မြို့တော်ဝန် ဂျကော့ဘ် ဖရေးက  မွန်းလွဲပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ စကားပြောခဲ့ပြီး သမ္မတက “လက်ရှိအခြေအနေ ဆက်ဖြစ်နေလို့ မရတော့ဘူး ဆိုတာ သဘောတူခဲ့တယ်” လို့ ပြောပါတယ်။

အစောပိုင်းမှာ ထရမ့်ပ်က အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ်နဲ့ စကားပြောခဲ့ပြီး သူတို့ချင်း အတွေးအမြင် တူပုံရတယ်လို့ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013