Home
နိုင်ငံတကာ
မင်နီယာပိုလစ် ပစ်ခတ်မှုအလွန် ပြည်သူများ နိုးထကြရန် အိုဘားမားနှင့် ကလင်တန် နှိုးဆော်
DVB
·
January 26, 2026
Photo: Reuters

မင်နီယာပိုလစ် ပစ်ခတ်မှုဟာ အမေရိကန်ပြည်သူတွေကို လှုပ်နိုးလိုက်တဲ့ ခေါ်သံတခုဖြစ်ပြီး တန်ဖိုးထားတဲ့ စံနှုန်းတွေအတွက် မားမားမတ်မတ် ရပ်တည် ကာကွယ်ကြဖို့ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဘားရက်အိုဘားမားနဲ့ ဘီလ်ကလင်တန်တို့က တိုက်တွန်းလိုက်ပါတယ်။

မင်နီယာပိုလစ်မြို့မှာ ICE လို့ခေါ်တဲ့ လဝက အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒုတိယမြောက် ပြည်သူတယောက် သေဆုံးအပြီး ဇန်နဝါရီ ၂၅ ရက်မှာ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဇန်နဝါရီ ၂၄ ရက်က အထူးကြပ်မတ်ကုသဆောင် သူနာပြု (ICU Nurse) အဲလက်စ်ပရက်တီကို ဖက်ဒရယ်အေးဂျင့်တွေက လမ်းမပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက အဲလက်စ်မှာ သေနတ်ပါလာတယ်လို့ ဆိုပါတယ်။ ဗီဒီယိုမှတ်တမ်းတွေအရတော့ ဖက်ဒရယ်အေးဂျင့်တွေ ဝင်ရောက်လုံးထွေးချိန်မှာ အဲလက်စ်ပရက်တီဟာ သေနတ်ကိုင်ဆောင်ထားခြင်း မရှိပါဘူး။

သူဟာ လက်တဖက်က ဖုန်းကိုကိုင်ထားပြီး ကျန်လက်တဖက်ကတော့ ငရုတ်ကောင်းစပရေးနဲ့ ပက်ဖျန်းခံနေရတဲ့ အမျိုးသမီးတယောက်ကို ကာကွယ်ပေးနေခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးပတ်လောက်ကလည်း အဲဒီမြို့မှာပဲ အသက် ၃၇ နှစ်အရွယ် ရီနေးဂွတ် ဆိုတဲ့ အမျိုးသမီးတယောက် ကားထဲမှာ ပစ်သတ်ခံခဲ့ရပါသေးတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒါဟာ ဒီမိုကရက်တွေရဲ့ ဖရိုဖရဲ အခြေအနေတွေကြောင့်လို့ အပြစ်ပုံချပေမဲ့ သေဆုံးသူရဲ့ မိဘတွေကတော့ အစိုးရဟာ “ရွံရှာဖွယ်ရာ လိမ်ညာနေတယ်” လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတယ်။

အိုဘားမားက ဒါဟာ “နိုးထဖို့ နှိုးဆော်သံ” ဖြစ်တယ်လို့ သတိပေးသလို ကလင်တန်ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အခုလို ပစ်သတ်ခံရတာ “လက်ခံနိုင်စရာမရှိဘူး” လို့ ဝေဖန်ပါတယ်။

“အနှစ် ၂၅၀ ကြာမှ ဒီလွတ်လပ်ခွင့်တွေကို စွန့်လွှတ်လိုက်မယ်ဆိုရင်တော့ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တော့ဘူး” လို့လည်း ကလင်တန်က သတိပေးလိုက်ပါတယ်။

မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝေါလ်ဇ်က ဖက်ဒရယ်အေးဂျင့်တွေ ပြည်နယ်ထဲက ထွက်သွားဖို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ မင်နီယာပိုလစ်မြို့ခံတွေဟာ ICE အေးဂျင့်တွေကို ဆန့်ကျင်ဆန္ဒပြနေကြပြီး ကိုယ့်အချင်းချင်း ကာကွယ်ဖို့ ကင်းလှည့်စောင့်ကြည့်တာတွေ လုပ်ဆောင်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013