
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့တောင်ဘက် မဲ့ကုရွာရှိ TopForm စက်ရုံဘေး 7- Eleven ဆိုင်အနီးမှာ ဇန်နဝါရီ ၂၀ ရက် မနေ့ညနေက မြန်မာ ၂ ယောက်ကို ရဲက စစ်ဆေးစဉ်တယောက်က သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားလို့ ထိုင်းရဲအရာရှိတယောက် ဒဏ်ရာရသွားပြီး ဆေးရုံတင် ကုသနေရပါတယ်။
အဆိုပါ မြန်မာ ၂ ယောက်ဟာ မဲ့ကုရွာအတွင်း ဒေသဖွံ့ဖြိုးရေးအဖွဲ့ဝင် လူကြီးအိမ်ကို ဝင်ရောက်ခိုးယူစဉ် အိမ်တွင်းကနေ လက်နက်တိုနဲ့ ကျည် ၅၀၊ ကျည်ကတ် တခုနဲ့ ငွေသားတချို့ကို ခိုးယူသွားပြီး 7 Eleven ဆိုင်အနီးမှာ ထိုင်းရဲဒုဗိုလ်စေ့စံ ရောက်လာပြီး စစ်ဆေးဖို့လုပ်နေချိန် ဆိုင်ကယ်အနောက်ဘက်က ပါလာသူက ထိုင်းရဲကို သေနတ်နဲ့ ပစ်လိုက်တာလို့ ထိုင်းရဲနဲ့ နီးစပ်သူက ပြောပါတယ်။
မြန်မာ ၂ ယောက်အနက် တယောက်ကို ဖမ်းဆီးရမိပြီး ပစ်ခတ်သူတယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားလို့ ထိုင်းစစ်တပ် ထိုင်းရဲတပ်ဖွဲ့ ဌာနဆိုင်ရာတို့က ရှာဖွေဖမ်းဆီး ဆောင်ရွက်နေပါတယ်။
ပစ်ခတ်ရာမှာ အသုံးပြုတဲ့ ၉-မမ သေနတ်ကိုတော့ အဝတ်နဲ့ပတ်ပြီး စိုက်ပျိုးခင်း တနေရာမှာ ပစ်ချထားတာကို ထိုင်းအထူးစစ်ဆေးရေးတပ်ဖွဲ့က ရှာဖွေတွေ့ရှိလို့ သိမ်းဆည်း ရမိခဲ့ပါတယ်။
သေနတ်ပစ်ခံရတဲ့ ထိုင်းရဲအရာရှိကတော့ ဝမ်းဗိုက်ထိမှန်ဒဏ်ရာကြောင့် မဲဆောက်မြို့ ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူနေရပြီး ထိုင်းရဲအတွက် လိုအပ်တဲ့သွေးကို ဖြည့်ဆည်းဖို့အတွက် မဲဆောက်ရောက် TopForm စက်ရုံရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ ထိုင်းပြည်သူတွေ လာရောက် သွေးလှူဒါန်းကြပါတယ်။
သွေးလှူဒါန်းပေးတဲ့ မြန်မာအမျိုးသမီးတယောက်ကတော့ မြန်မာနိုင်ငံသားအားလုံးရဲ့ ကိုယ်စား သေနတ်နဲ့ပစ်ခံရတဲ့ ထိုင်းရဲကို တောင်းပန်ခဲ့ပြီး သွေးလှူခဲ့တာလို့ သိရပါတယ်။
သွေးလှူဒါန်းပေးတဲ့ မြန်မာအမျိုးသမီး အယ်လ်ဟန်နီက “မြန်မာနိုင်ငံသားတဦးအနေနဲ့ တာဝန်သိစိတ်နဲ့ သွေးလှူဒါန်းတာပါ။ ထိုင်းရဲနဲ့ ဇနီးတို့ မိသားစုကိုလည်း မြန်မာနိုင်ငံသား အားလုံးကိုယ်စား အနူးအညွတ်တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။ သူတို့ကလည်း ကြည်ဖြူစွာနဲ့ လက်ခံပါတယ်။ သူတို့ နားလည်ပါတယ်တဲ့၊ ကိစ္စမရှိပါဘူးတဲ့၊ အခုလို လာပေးတာကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြန်လည်ပြောကြားပေးတယ်” လို့ ပြောပါတယ်။
ကုသမှုခံယူနေတဲ့ ထိုင်းရဲအရာရှိကတော့ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားပြီး စိုးရိမ်စရာ အခြေအနေမရှိတော့ပေမဲ့ ကုသမှုနဲ့ ခွဲစိတ်မှုတွေကိုတော့ လိုအပ်သလို ဆက်လက်လုပ်ဆောင်ရမယ်လို့ သိရပါတယ်။


