
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ ကင်းလှည့်တာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက်၊ နေ့လယ် ၁ နာရီလောက်မှာ အင်အား ၂၀ ပါ စစ်ကောင်စီတပ်နဲ့ ဗိုလ်ခရင်းတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး မိနစ် ၃၀ အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ထိတိုက်တွေ့တဲ့တိုက်ပွဲမှာ ကျနော်ဘက်က လက်ဦးမှုအရင်ရတယ်။ မျက်မြင် စကစဘက်က သုံးဦးသေဆုံးတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အတိအကျကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါ စစ်ကောင်စီရဲ့ လှည့်ကင်းဟာ ရမ်းဖိုရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းမတိုင်မီ ဇန်နဝါရီလ ဒုတိယအပတ်မှာလည်း စစ်ကောင်စီဘက်က ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ဘန်းလမွတ်ရွာအနီးရှိ ကားလမ်းမကြီးနံဘေးတလျှောက်မှာ မီးရှို့ပြီး နယ်မြေရှင်းလင်းတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။


