စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ယန်စီတရုတ်ကုမ္ပဏီထဲမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၁ ရက် မနက် ၁၀ နာရီကျော်က ဝါးတန်းရွာဘက်ကို ထွက်လာပြီး လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ လူနေအိမ်ခေါင်မိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသား တယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ယန်စီကုမ္ပဏီ ဆိုက်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေ ရှိခဲ့ပြီး စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးကျည်က ဝါးတန်းရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာမှာ အသက် ၄၀ ကျော်အရွယ် ဦးသန်းဇော် ကိုထိမှန်ပြီးသေဆုံးသွားခဲ့တာပါ။
စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ကိုအောင်ခန့်ဇော်က “ယန်စီကုမ္ပဏီက တရုတ်ဆိုက်ပဲ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်နေတာ၊ ယန်စီ အနီးနားမှာရှိတဲ့ ဝါးတန်းကျေးရွာကို လက်နက်ကြီးကျတာ ကုမ္ပဏီထဲက ထွက်ပစ်တာ မနေ့က၊ ဝါးတန်းရွာက အသက် ၄၀ ကျော်ရှိတဲ့ ဦးသန်းဇော် လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးသွားတာ” လို့ ပြောပါတယ်။
ယန်စီကုမ္ပဏီက ကြေးနီတူးဖော်နေတဲ့ တရုတ်တွေပိုင်တဲ့ ကုမ္ပဏီတခုဖြစ်ပြီး စစ်ကောင်စီက အဆိုပါကုမ္ပဏီအတွင်း လုံခြုံရေးအများအပြား ချထားကာ လုပ်ငန်းဖော်ဆောင်တာကြောင့် ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကလည်း ယန်စီကုမ္ပဏီအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ယန်စီကုမ္ပဏီ အနီးနားမှာရှိတဲ့ ဝါးတန်းရွာကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကိုပါ မီးတင်ရှို့တာတွေ လုပ်ခဲ့တယ်လို့ ဝါးတန်းရွာ နေထိုင်သူတွေဆီက သိရပါတယ်။




