
မင်နီယာပိုလစ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသမီးဟာ ကြေးစားလှုံ့ဆော်သူတယောက် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ပ်က ပြောပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ဆူပူမှုတွေအတွက် ကြေးစားလှုံ့ဆော်သူ ဖြစ်သလို ICE အေးဂျင့်တွေရဲ့ အမိန့်မနာခံမှု၊ ခုခံမှုနဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
မင်နီယာပိုလစ်မှာ ဗုဒ္ဓဟူးနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီ ၂၅ မိနစ်က လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အဖွဲ့ ICE ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသမီးတယောက် သေဆုံးခဲ့တာပါ။
ICE အဖွဲ့ဟာ ကားတစီးကိုတားပြီး တံခါးဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ ကားသမားက မရပ်ဘဲ မောင်းထွက်ဖို့ ကြိုးစားချိန် ကားရှေ့မှာရှိတဲ့ အေးဂျင့်က သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရီနေးနီကိုးဂွတ် ဆိုတဲ့ အမျိုးသမီးဟာ အကြမ်းဖက် အဓိကရုဏ်းမှာ ပါဝင်သူတယောက် ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပြီး ICE အဖွဲ့ဝင်တယောက်ကို ကားနဲ့တက်ကြိတ်ဖို့ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အေးဂျင့်တယောက် ကားတိုက်ခံရဖူးတဲ့ အဖြစ်အပျက် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး နွမ်းက ပြောဆိုပါတယ်။
ICE အေးဂျင့်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သေနတ်နဲ့ပစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့တာလည်း တွေ့ရပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ထရမ့်ပ်အစိုးရအဖွဲ့ရဲ့ ပြောဆိုချက်တွေကို မင်နီယာပိုလစ် မြို့တော်ဝန်က ပယ်ချထားပါတယ်။
ဒါ့အပြင် အေးဂျင့်တယောက်ရဲ့ မဆင်မခြင် အာဏာသုံးခဲ့မှုကြောင့် လူတယောက် သေခဲ့တာလို့ ပြောဆိုထားပြီး ICE အဖွဲ့တွေ မြို့ကနေ ထွက်သွားဖို့ မင်နီယာပိုလစ်မြို့တော်ဝန်က ပြောဆိုထားပါတယ်။
Source: Reuters


