
မြောက်ကိုရီးယားနိုင်ငံက အားကစားသမားတွေဟာ အီတလီနိုင်ငံမှာကျင်းပမဲ့ ၂၀၂၆ မီလန်-ကော်တီးနား ဆောင်းရာသီအိုလံပစ်အတွက် ဝင်ခွင့်အရည်အချင်း မပြည့်မီခဲ့လို့ ပြိုင်ပွဲမှာပါဝင်ခွင့် လွဲချော်ခဲ့ရပေမဲ့ သူ့နိုင်ငံတွင်းမှာပဲ အမျိုးသား ဆောင်းရာသီအားကစားပြိုင်ပွဲကို ဖွင့်လှစ်ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်က တရုတ်နယ်စပ်အနီးရှိ ဆမ်ဂျီယွန်တောင်ပေါမြို့ရှိ ဘဲ့တူးဆန်ဒေသ အားကစားရွာမှာ ၂၀၂၆ ခုနှစ် အမျိုးသား ဆောင်းရာသီအားကစားပြိုင်ပွဲကို ဖွင့်လှစ်ကျင်းပခဲ့ကြောင်း KCNA သတင်းဌာနက ပြောပါတယ်။
ပြိုင်ပွဲမှာ နိုင်ငံတော်အဖွဲ့အစည်းတွေနဲ့ အဓိကစက်မှုဇုန်တွေရဲ့ အားကစားကလပ်တွေ ပါဝင်ယှဉ်ပြိုင်ကြပြီး ရေခဲပြင် ဟော်ကီ၊ ရေခဲပြင် စကိတ်စီးအကနဲ့ နှင်းလျှောစီးခြင်း အပါအဝင် အားကစား ၅ မျိုးမှာ ပြိုင်ပွဲပေါင်း ၅၀ ကျော် ပါဝင်ယှဉ်ပြိုင်နေကြတယ်လို့ KCNA က ဆိုပါတယ်။
နိုင်ငံပိုင် KRT ရုပ်သံက ထုတ်လွှင့်တဲ့ မှတ်တမ်းဗီဒီယိုတွေမှာတော့ အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်တဲ့ ဖွင့်ပွဲအခမ်းအနားနဲ့ အိုက်စ်ဟော်ကီပြိုင်ပွဲ ကျင်းပတာကို တွေ့မြင်ရပါတယ်။
မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ စတင်တဲ့ အီတလီ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် ဝင်ခွင့်အဆင့်တွေမှာ အရည်အချင်း မပြည့်မီခဲ့ဘူး လို့ တောင်ကိုရီးယားမီဒီယာတွေနဲ့ နိုင်ငံတကာ စကိတ်ပြိုင်ပွဲရလဒ်တွေအရ သိရပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ ဖြောင်းချန်းမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ အမျိုးသမီး ရေခဲပြင်ဟော်ကီ အားကစားသမားတွေ အပါအဝင် အားကစားသမား ၂၂ ယောက် စေလွှတ်ခဲ့ပြီး တောင်ကိုရီးယားနဲ့ ပူးပေါင်းအိုက်စ်ဟော်ကီအသင်း ဖွဲ့စည်းကာ သံတမန်ရေးအရ ရင်းနှီးမှုတွေ ရှားရှားပါးပါး ပြသခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ပြည်ပအားကစားပြိုင်ပွဲတွေမှာ ပါဝင်မှုကို ကန့်သတ်ခဲ့သလို တိုကျိုအိုလံပစ်ကိုအသင်း စေလွှတ်ခြင်းမရှိခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီရဲ့ ၂၀၂၂ ခုနှစ်ကုန်အထိ ပိတ်ပင်မှုကိုလည်း ခံခဲ့ရဖူးပါတယ်။
Source: Reuters


