
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ပြည်ပစစ်ဆင်ရေးတွေမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုအတွက် ရည်ရွယ်ပြီး ပြုံယမ်းမြို့တော်က အိမ်ရာစီမံကိန်းအသစ်ကို ဖွင့်လှစ်ပေးလိုက်ပါတယ်။
လက်ရှိ ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်ကနေ ကူတိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယား စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ဆာအင်မြော” အမည်ရ လမ်းအသစ်တခုပါ ခင်းပေးထားပါတယ်။
အဲဒီနောက် ကင်မ်က သူ့နေရာဆက်ခံနိုင်ခြေရှိတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအယ်နဲ့အတူ ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တချို့ကို သွားတွေ့ ခဲ့ကြပါတယ်။
“အမိနိုင်ငံတော်အတွက် အရာရာပေးဆပ်ခဲ့ကြတဲ့ အာဇာနည်လူငယ်လေးတွေ” ရဲ့ကျေးဇူးကို ပြန်ပေးဆပ်သွားမယ်ဆိုပြီး ကင်မ်က မှတ်ချက်ပြုပါတယ်။
အဲဒီစီမံကိန်းကနေ ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တွေကို အနည်းငယ် စိတ်သက်သာရာရစေဖို့ အတွက် အချိန်တရက်စောပြီးအောင် တွန်းအားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
လေ့လာသူတွေကတော့ ဒါဟာ ပြည်တွင်းစည်းလုံးမှုကို ပိုမိုခိုင်မာစေဖို့နဲ့ ပြည်သူတွေအပေါ် ချွေးသိပ်ပေးလိုတဲ့ ကြိုးပမ်းချက်သာ ဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ရုရှားနဲ့ အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားဘက်က စစ်သည် ၁၄,၀၀၀ လောက်ကို တိုက်ပွဲဝင်ဖို့အတွက် စေလွှတ်ပေးခဲ့ပါတယ်။
အဲဒီထဲက ၆,၀၀၀ လောက်အထိ ထိခိုက်သေဆုံးခဲ့ရကြောင်း ခန့်မှန်းထားပေမဲ့ အရေအတွက် အတိအကျကိုတော့ အသေးစိတ် ဖော်ပြထားတာမျိုး မရှိပါဘူး။
ဒါ့အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မူဝါဒနဲ့ ဆုံးဖြတ်ချက်မှန်သမျှကိ ခြွင်းချက်မရှိ ထောက်ခံသွားမယ်လို့ ကင်မ်က ပြီးခဲ့တဲ့အပတ်မှာ ကတိပြုခဲ့ပါသေးတယ်။
တချိန်တည်းမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေက ရုရှားနည်းပညာအကူအညီနဲ့ ခေတ်မီစစ်ရေး အတွေ့အကြုံကို ရရှိနေတဲ့အလျောက် သူတို့လက်နက်စနစ်တွေပါ အားကောင်းလာစေနိုင်ကြောင်း ဖော်ပြထားပါတယ်။
အခုလနှောင်းပိုင်းမှာ မြောက်ကိုရီးယားရဲ့ အလုပ်သမားပါတီကွန်ဂရက် ကျင်းပဖို့ ရှိနေပေမဲ့ ညီလာခံ ကျင်းပမဲ့ ရက်အတိအကျတော့ မသိရသေးပါဘူး။
အဲဒီမှာ လာမဲ့ ၅ နှစ်စာအတွက် ပြည်တွင်း၊ ပြည်ပ မူဝါဒရေးရာ ရည်မှန်းချက်တွေကို ကင်မ်က ကြေညာလေ့ရှိတဲ့အပြင် သူ့အာဏာချုပ်ကိုင်နိုင်စွမ်းပါ ပိုပြီးတင်းကျပ်လာအောင် လုပ်ဆောင်နိုင်ခြေ ရှိပါတယ်။


