
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပိတောက်ကုန်းရွာကို စစ်တပ်က မတ် ၄ ရက် နေ့ခင်း ၁ နာရီ ၄၀ မိနစ်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၇၀ အရွယ် အဘိုးအဘွား ၂ ယောက် သေဆုံးပြီး လူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်တပ် လေယာဉ်ဟာ ဂျက်ဖိုက်တာအမျိုးအစားဖြစ်ပြီး တံတားဦး လေယာဉ်ကွင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ပိတောက်ကုန်းရွာသားတယောက်က “ကိုမင်းနောင်ရဲ့အိမ်ပေါ်တည့်တည့်ကို ဗုံးသီး ၂ လုံးကြဲချတာ။ အိမ်ပါ မီးလောင်တယ်။ အဲဒီအိမ်ထဲမှာ အသက် ၇၀ အရွယ် အဘိုး အဘွားလည်း မီးလောင်တဲ့အထဲ ပါသွားတယ်။ အခုလည်း မီးလောင်နေတဲ့အိမ်တွေကို ရွာသားတွေ မီးငြှိမ်းသတ်နေကြရတယ်။ အခုလောလောဆယ် လူနေအိမ် ၁၀ လုံး မီးလောင်နေတာ။ ချင်ပြစ်ရွာတိုက်ပွဲ ဖြစ်တဲ့နေ့ကတည်းက ရွာသားတွေ စစ်ရှောင်နေကြလို့ လူထိခိုက်မှု နည်းသွားရတာ” လို့ ပြောပါတယ်။
ပိတောက်ကုန်းရွာဟာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်ပြစ်ရွာရဲ့ မြောက်ဘက် တမိုင်နီးပါးခန့် အကွာမှာရှိပြီး လူနေအိမ် ၂၇၀ ကျော် ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲပအဖ တာဝန်ရှိသူက “အဲသတင်းက အတည်ဖြစ်ပါတယ်ဗျ။ ရွာသားအားလုံး ရွာထဲ ဘေးကင်းပါတယ်။ စစ်ရေးကတော့ နှစ်ဖက် တင်းမာနေဆဲပါပဲ။ ချင်ပြစ်ရွာအနီးဝန်းကျင် ယာခင်း တောတဲများမှာ စစ်ရှောင်နေတဲ့သူများ ဘေးလွတ်ရာကို ထပ်မံစစ်ရှောင်ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ပြီး စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီနေ့ မတ် ၄ ရက်အထိ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြဆဲ ဖြစ်ပါတယ်။


