
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း နေ့ခင်းကြောင်တောင် လုယက်တာတွေ အပါအဝင် လုယက်၊ ဓားပြတိုက်၊ ဖောင်ထွင်းခိုးယူတဲ့ ဖြစ်စဉ် ၂၇ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းမိတာ မရှိခဲ့ဘူးလို့ ဒေသခံတွေ၊ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းမှာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ်တွေဟာ လပွတ္တာ၊ ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မော်ကျွန်း၊ မြောင်းမြ၊ ပန်းတနော် စတဲ့မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုင်းအဆင့်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖောက်ထွင်း ခိုးယူ၊ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်က ဟင်္သာတလို ပုသိမ်လို မြို့ကြီးတွေတောင် နေ့ခင်းဘက်အထိ ဖြစ်ပွားခဲ့တာ။ တလအတွင်းမှာဆို တတိုင်းလုံးအတိုင်းအတာနဲ့ အကြိမ် ၂၇ လောက်အထိ ရှိမယ်။ နစ်နာသူတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ တိုင်ကြားထားတာရှိတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း ဖုန်းဆိုင်းတွေ ဖောက်ထွင်းအခိုးခံရတာ၊ လမ်းပေါ်မှာ လက်ဝတ်ရတနာ လုယက်ခံရတာ၊ ကားဘက်ထရီတွေ အခိုးခံရတာ၊ ဆိုင်ကယ်တွေ အခိုးခံရတာ၊ လူကိုချောင်းရိုက်နှက် ဆိုင်ကယ်လုယက်တာ စတဲ့ဖြစ်စဉ်တွေ အများဆုံး ဖြစ်ခဲ့တာလို့ သိရပါတယ်။
မအူပင်မြို့ခံ အမျိုးသမီးတယောက်က “မအူပင်မှာဆို ဖုန်းဆိုင်တခုက ဖေဖော်ဝါရီလ ၉ ရက်လောက်က ဖောက်ထွင်းခိုးယူခံရတာ။ ဆိုင်ရှင်က ဖုန်းဆိုင်ကို သော့ခတ်ပြီး ခဏအိမ်ပြန် ထမင်းစားတုန်း ဖြစ်သွားတာ။ ဆိုင်က ရိုက်ဖွင့်ခံထားရပြီး ငွေရော ဖုန်းတွေပါ ယူသွားတာ။ ရဲစခန်းသွားတိုင်တယ်လို့ သိရတယ်။ ဒီနေ့အထိ အကြောင်းမထူးပါဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်တာတွေ လုပ်ပေမဲ့ PDF လို့ စွပ်စွဲဖမ်းတာ၊ စစ်မှုထမ်းဖို့ ဖမ်းခေါ် ပေါ်တာဆွဲတာ၊ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးဖမ်းတာတွေပဲ အဓိကထား လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၅ ခုနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ တလအတွင်း ဧရာဝတီတိုင်းထဲမှာ လုယက်၊ ဖောက်ထွင်းခိုးယူ၊ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် အကြိမ် ၃၀ နီးပါးအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


