
စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေနဲ့ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကို မတေ ၁ ကစပြီး လုပ်သက်နှစ်အလိုက် ၃ သောင်းကျပ်ကနေ ၁ သိန်းကျပ်အထိ အထူးထောက်ပံ့ကြေးပေးသွားမယ်လို့ စစ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။
ကာကွယ်ရေး နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို ၁၀ နှစ်နဲ့အထက် ၃ သောင်းကျပ်၊ ၁၅ နှစ်နဲ့အထက် ၅ သောင်းကျပ်၊ နှစ် ၂၀ နဲ့အထက် ၁ သိန်းကျပ်ကို မတ်လ ကစပြီး ပေးသွားမှာဖြစ်ပါတယ်။
ခံစားခွင့်တွေကို မတ်လကုန်ကစပြီး လုပ်သက်နေစ်အလိုက် စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ရဲတပ်ရင်းတွေမှာ ထုတ်ပေးသွားမှာဖြစ်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ပေးသွားမယ်ဆိုတာ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမရှိပါဘူး။
စစ်ကောင်စီက အခုလို ကြေညာပေမဲ့ အဆိုပါထုတ်ပြန်ချက်မှာ တပ်ရင်းတပ်ဖွဲ့တွေဆီ ရောက် မရောက်ရှိသေးဘူးလို့ တပ်နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“သတင်းမှာ ကြေညာတာပဲရှိသေးတယ်၊ ရုံးတွင်းအမိန့်စာက တပ်ရင်းတွေဆီ မရောက်သေးတော့ ဘယ်လိုပုံစံမျိုး နဲ့ ထုတ်ပေးမယ်ဆိုတာ မသိရသေးဘူး။”
အလားတူပင် အဆိုပါအမိန့်စာနဲ့ညွှန်ကြားချက် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပေမဲ့ ရဲတပ်ရင်းနဲ့ တပ်ဖွဲ့တွေဆီကို ပို့ပေးလာခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ကြေးနန်းက မြိုနယ်နဲ့ရဲတပ်ရင်းတွေဆီ မရောက်သေးတော့ ပြောရခက်တယ်။ လုပ်သက်နှစ်အလိုက် ပေးတာဆို ကောင်းတယ်၊ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်တဲ့သူတို၊ ပဋိပက္ခဖြစ်တဲ့ တာဝန်ကျတဲ့သူတို့ ပေးတာမျိုးဆိုရင်တော့ ရဲတပ်ဖွဲ့ဝင်တိုင်း မရဘူး။”
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က စစ်ကောင်စီတပ်သား နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ကြေး ၃ သောင်းအဖြစ် ၂၀၂၃၊ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်မှာ သုံးကြိမ်တိုင် ပေးခဲ့တာလည်း ရှိပါတယ်။


